Tesla ကားက ဝယ်ယူထားတဲ့ ပိုင်ရှင်အသစ် နေအိမ်ဆီကို အလိုအလျှောက်မောင်းသွားပါတယ်။ ဒါဟာ ကမ္ဘာမှာ ပထမဆုံးပါပဲ။ အဲဒီကားက သူ့ရဲ့ ပိုင်ရှင်အသစ်ဆီကို သူ့ဘာသာသူ မောင်းသွားခဲ့တာပါ။ ကိုယ်တိုင်မောင်း Tesla Model Y ကားက တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာရှိတဲ့ ကုမ္ပဏီရဲ့ Gigafactory စက်ရုံကနေ မိနစ် ၃၀ လောက်ဝေးတဲ့ ဝယ်သူရဲ့အိမ်ကို ခရီးနှင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီခရီးမှာ အဝေးပြေးလမ်းတွေ၊ လမ်းဆုံလမ်းခွတွေ၊ ယာဉ်ကြောမီးပွိုင့်တွေနဲ့ မြို့တွင်းလမ်းတွေကို လုံးဝ သူ့ဘာသာသူ မောင်းနှင်သွားခဲ့ပါတယ်။

ဒီသမိုင်းဝင်ဖြစ်ရပ်ကို အွန်လိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့ကြပါတယ်။ Tesla က အစပိုင်းမှာ သုံးမိနစ်စာ time-lapse ဗီဒီယိုအတိုလေးကို အရင်ထုတ်ပြန်ခဲ့ပြီး စနေနေ့မှာတော့ မိနစ် ၃၀ အပြည့် ဗီဒီယိုကို ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

ဗီဒီယိုမှတ်တမ်းမှာ Model Y ကားက ယာဉ်မောင်းနေရာမှာ ဘယ်သူမှမပါဘဲ Gigafactory ကားဂိုဒေါင်ကနေ ထွက်ခွာလာတာကို ပြသထားပါတယ်။

ကားနောက်ခန်းကနေ ရိုက်ကူးထားတဲ့ အဲဒီဗီဒီယိုမှာ ကားက လမ်းတွေပေါ်မှာ ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်တာ၊ ကွေ့တာ၊ ရပ်နားဆိုင်းဘုတ်တွေကို လိုက်နာတာ၊ မီးနီမှာ ရပ်ပေးတာနဲ့ တကယ့်ယာဉ်ကြောအခြေအနေတွေကို လူရဲ့ထိန်းချုပ်မှု လုံးဝမပါဘဲ ကိုင်တွယ်ဖြေရှင်းသွားတာကို မှတ်တမ်းတင်ထားပါတယ်။

ခရီးဆုံးမှာ Model Y ကားက ပိုင်ရှင်ရဲ့တိုက်အောက်မှာ သူ့ဘာသာသူ ကားထိုးရပ်နားခဲ့ပါတယ်။

Tesla ရဲ့ CEO အီလွန်မက်စ်က အဲဒီဗီဒီယိုကို X မှာ “Kapow” ဆိုတဲ့ စကားလုံးတစ်လုံးတည်းနဲ့ ပြန်လည်မျှဝေခဲ့ပါတယ်။

Tesla ရဲ့ AI နဲ့ Autopilot ဌာနအကြီးအကဲ Ashok Elluswamy က ခရီးစဉ်အတွင်းမှာ ကားက တစ်နာရီကို ၁၁၅ ကီလိုမီတာအထိ အမြန်နှုန်းနဲ့ မောင်းနှင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

“စက်ရုံကနေ မြို့တစ်ဖက်က ဝယ်သူရဲ့အိမ်အထိ အဝေးပြေးလမ်းတွေအပါအဝင် Tesla Model Y ကားတစ်စီးကို ပထမဆုံးအကြိမ် လုံးဝကိုယ်တိုင်မောင်းပြီး ပို့ဆောင်ပေးတာကို သတ်မှတ်ရက်ထက် တစ်ရက်စောပြီး အခုပဲ အောင်မြင်သွားပါပြီ!!” လို့ အီလွန်မက်စ်က X မှာ ရေးသားခဲ့ပါတယ်။

နောက်ထပ်ပို့စ်တစ်ခုမှာ သူက “ကားထဲမှာ လူတစ်ယောက်မှ မရှိခဲ့သလို  အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်သူလည်း မရှိခဲ့ပါဘူး။ လုံးဝ ကိုယ်တိုင်မောင်းစနစ်ပါ!” လို့ ရေးခဲ့ပါတယ်။ သူက “ကျွန်တော်တို့ သိသလောက်တော့ ဒါဟာ ကားထဲမှာ လူမပါဘဲ ဒါမှမဟုတ် အဝေးကနေမထိန်းချုပ်ဘဲ အများပြည်သူသုံး အဝေးပြေးလမ်းမပေါ်မှာ ပထမဆုံးအကြိမ် လုံးဝကိုယ်တိုင်မောင်းနှင်မှု ဖြစ်ပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Ref : ndtv