Vivo ရဲ့ iQOO Neo3 အကြောင်းသတင်းတွေက ဒီဧပြီလဆန်းကစပြီး ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့တာပါ။ iQOO ဟာ Vivo ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်ပြီး ဂိမ်းမင်းဖုန်းတွေနဲ့တွဲပြီး လူသိများတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Vivo ရဲ့အစဉ်အလာအတိုင်း iQOO တွေဟာ ကင်မရာပိုင်းမှာလည်း အများကြီးဝိတ်မလျှော့ဘဲ ဂရုစိုက်ထားတာကို တွေ့မြင်နိုင်ပါတယ်။

အခုနောက်ဆုံးထွက်ဖြစ်မယ့် iQOO Neo3 ကတော့ 5G စမတ်ဖုန်းဖြစ်ပြီး Snapdragon 865 Processor နဲ့ ထွက်လာမှာ ဖြစ်ပါတယ်။ ဒီဟန်းဆက်ဟာ Redmi K30 Pro 5G ထက်တော့ ဈေးချိုမယ်လို့ သိထားရပါတယ်။ ဒါပေမယ့် မျက်နှာပြင်ပိုင်းမှာတော့ 144Hz Refresh Rate အထိ ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သတင်းအရ iQOO Neo3 မှာ Dual Stero Speaker ပါဝင်လာမှာဖြစ်ပြီး 125dB အထိထောက်ပံ့ပေးမယ့် Hi-Fi Chip လည်း ပါဝင်မယ်လို့ သိရပါတယ်။ ဒါဟာ ဖျော်ဖြေရေးပိုင်းအတွက်တော့ စိတ်ကျေနပ်စရာအချက်လို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ တရားဝင်မိတ်ဆက်ဖို့ တစ်ရက်အလိုမှာ ထပ်ပြီးထွက်ပေါ်လာတဲ့သတင်းက iQOO Neo3 ရဲ့ဘက်ထရီအကြောင်းပါ။

iQOO Neo3 ဟာ 4,500mAh ဘက်ထရီကို အသုံးပြုထားတာဖြစ်ပြီး 44W အမြန်အားသွင်းစနစ်ကိုအသုံးပြုတာကြောင့် မိနစ် ၂၀ အတွင်း တစ်ဝက်တိတိ အားသွင်းနိုင်ပြီး ၅၈ မိနစ်အတွင်း ရာနှုန်းပြည့်အားသွင်းနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေနဲ့ လုပ်ဆောင်ချက်တွေသိဖို့ နာရီပိုင်းပဲလိုတော့တာဖြစ်တဲ့ iQOO Neo3 5G ကတော့ စိတ်ဝင်စားစရာ အပြည့်နဲ့ပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

Ref: GSM Arena