Custom Android Skin တွေဟာ များသောအားဖြင့် အသုံးဝင်တဲ့ Feature တွေကို ထပ်ဖြည့်တာ၊ ပြင်ဆင်တာလောက်အတွက်ပဲ အကြီးစားပြင်ဆင်မှုလုပ်တတ်ကြပါတယ်။ Vivo ရဲ့ FunTouch OS 11 ဆိုရင်လည်း နောက်ဆုံးပေါ် အလားတူပဲ စိတ်ကြိုက်ပြောင်းလဲမှုတွေကို ယူဆောင်လာတာ တွေ့မြင်နိုင်ပါတယ်။

Weibo က နာမည်ကျော် Tipster ဖြစ်တဲ့ Digital Chat Station ကတော့ Vivo အနေနဲ့ သူတို့ရဲ့ FunTouch OS ကို Origin OS အဖြစ်ပြောင်းလဲမယ်လို့ ဆိုလိုက်ပါတယ်။ ဒါ့အပြင် အစောဆုံးအဖြစ် ဒီနှစ်ထဲမှာတောင် မြင်တွေ့ရနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီ UI သစ်မှာ တိုးတက်မှုအမြောက်အများကို တွေ့ရလိမ့်မယ်လို့လည်း Digital Chat Station က ပြောထားပါသေးတယ်။

Origin OS ဟာ ပြီးပြည့်စုံတဲ့ Package တစ်ခုဖြစ်လာနိုင်တယ်လို့ မီဒီယာတွေကလည်း ခန့်မှန်းဖော်ပြနေကြပါတယ်။ အံ့သြစရာကောင်းတာကတော့ Vivo ဟာ သူတို့ရဲ့ UI ကို မကြာသေးခင်ကပဲ FunTouch OS 11 ဆီ အဆင့်မြှင့်တင်ခဲ့တာဖြစ်ပါတယ်။ အခု Origin OS အသစ်ကို တွေ့ရတော့မယ်ဆိုတာဟာ အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ အရွေ့တစ်ခုလို့ ဆိုရပါလိမ့်မယ်။

Vivo V20 ဟာ FunTouch OS 11 နဲ့ ဖြန့်ချိခဲ့တာဖြစ်ပြီး ကုမ္ပဏီရဲ့ ပထမဆုံးသော Android 11 နဲ့ Device လည်း ဖြစ်ခဲ့ပါတယ်။ FunTouch OS 11 ဟာ AOD, Gallery, iManger, Ultra Game Mode နဲ့ အခြားလုပ်ဆောင်ချက်တွေကို ပိုပြီးတိုးတက်ကောင်းမွန်အောင် ပြင်ဆင်ထားတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် Vivo ဟာ FunTouch OS 10 ကို ပွဲမထုတ်ခင်ကတည်းက Jovi OS နာမည်ကြောင်းကို အစဆွဲထုတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် Fan တွေရဲ့ အကြံပြုချက်တွေကိုယူပြီးတဲ့နောက်မှာတော့ Jovi OS နာမည်ကိုအသုံးမပြုဘဲ ဆိုင်းငံ့ထားခဲ့ပါတယ်။ ဒါဟာ Origin OS ဖြစ်လာသလားဆိုတာတော့ တပ်အပ်မပြောနိုင်သေးပါဘူး။ စောင့်ကြည့်ရပါဦးမယ်။

Origin OS ဟာ လာမယ့် နိုဝင်ဘာ၊ ဒါမှမဟုတ် ဒီဇင်ဘာလမှာမိတ်ဆက်မယ့် Vivo ရဲ့ X60 စီးရီးတွေနဲ့အတူ ပွဲထွက်လာမယ်လို့ဆိုထားပါတယ်။ လက်ရှိအချိန်မှာလည်း X60 စီးရီးအကြောင်း သိပ်များများစားစား မသိရသေးတာကြောင့် နောက်ထပ်သတင်းယိုစိမ့်မှုတွေကိုပဲ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

Ref: Gizmochina