Bitcoin ဟာ မကြာသေးခင်နှစ်တွေအတွင်းမှာ သမားရိုးကျ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလောကရဲ့ လက်ခံမှုအချို့ကို တိုးတက်ရရှိလာခဲ့ပေမဲ့ Warren Buffett ကတော့ Cryptocurrency အပေါ်မှာ သံသယဖြစ်နေတဲ့ သူ့ရဲ့ ရပ်တည်ချက်ကို ဆက်ပြီးကိုင်ဆွဲထားတုန်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့မှာပြုလုပ်တဲ့ Berkshire Hathaway နှစ်ပတ်လည်အစုရှယ်ယာရှင်များအစည်းအဝေးမှာ Buffett က ဒီ ဒစ်ဂျစ်တယ်ငွေကြေးဟာ ဖြစ်ထွန်းနိုင်တဲ့ပိုင်ဆိုင်မှုတစ်ခုမဟုတ်ကြောင်း၊ ဒါဟာ ထင်သာမြင်သာရှိတဲ့ ဘယ်အရာကိုမှ မထုတ်လုပ်ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။

Bitcoin နဲ့ပတ်သက်ပြီး အများသူငါရဲ့ အမြင်တွေ ပြောင်းလဲသွားပေမဲ့ Buffett ကတော့ လုံးဝကို ဝယ်ယူမှုမပြုတာပဲ ဖြစ်ပါတယ်။ “နောက်နှစ်ထဲမှာ မြင့်တက်လာမလား၊ ဒါမှမဟုတ် ကျဆင်းသွားမလား။ ဒါမှမဟုတ် နောက်ထပ် ငါးနှစ်လား၊ ဆယ်နှစ်လား။ ကျွန်တော်မသိဘူး။ သေချာတာတစ်ခုကတော့ ဘာအကျိုးတစ်ခုမှ ဖြစ်ထွန်းလာမှာမဟုတ်ဘူး။” လို့ ဒစ်ဂျစ်တယ်ငွေကြေးရဲ့ အလားအလာနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောပါတယ်။

“သူက ပဥ္စလက်အတတ်လိုပဲ။ ပြီးတော့ လူအတော်များများက ပဥ္စလက်အတတ်ကို စွဲလမ်းကြတယ်လေ” လို့လည်း Buffett က ပြောပါသေးတယ်။ Buffett က ဒစ်ဂျစ်တယ်ငွေကြေးကို ရင်းနှီးမြှုပ်နှံပြီးအလုပ်လုပ်ကိုင်တာဟာ မျက်မြင်လက်တွေ့ မဆန်ကြောင်း သူ့ရဲ့လက်ရှိလုပ်ငန်းလုပ်ကိုင်မှုနဲ့ နှိုင်းယှဉ်ပြောဆိုသွားပါတယ်။

“တကယ်လို့ ခင်ဗျားက အမေရိကန်ပြည်ထောင်စုမှာရှိတဲ့လယ်မြေအားလုံးအတွက် ကျွန်တော်တို့အုပ်စုက ဒေါ်လာ ၂၅ ဘီလီယံပေးရင် အတိုး ၁ ရာခိုင်နှုန်းရမယ်လို့ ပြောလာတယ်ဆိုပါစို့၊ ဒီနေ့လယ်ခင်းမှာပဲ ကျွန်တော်ချက်လက်မှတ်တစ်စောင် ရေးပေးလိုက်မယ်။ ဒါဆို ဒေါ်လာ ၂၅ဘီလီယံအတွက် လယ်မြေရဲ့ ၁ ရာခိုင်နှုန်းကို ကျွန်တော်ပိုင်နေပြီလေ”

“တကယ်လို့ နိုင်ငံက တိုက်ခန်းအားလုံးအတွက် ဒေါ်လာ ၂၅ ဘီလီယံထပ်ရချင်တယ်၊ အတိုး ၁ ရာခိုင်နှုန်းပဲလို့ ထပ်ကမ်းလှမ်းလာရင်လည်း ကျွန်တော် ချက်လက်မှတ်တစ်ခု ရေးပေးမှာပါပဲ။ သိပ်ကိုရိုးရှင်းပါတယ်” “ဒါပေမဲ့ ခင်ဗျားက ကမ္ဘာပေါ်မှာရှိတဲ့ Bitcoin အားလုံးကို ၂၅ဒေါ်လာနဲ့ လာပြီးကမ်းလှမ်းရင်တောင်မှ ကျွန်တော် မယူပါဘူး။ ဒါတွေကို ခင်ဗျားဆီ တစ်နည်းနည်းနဲ့ ပြန်ရောင်းနေရမှာလေ။ ဘာမှလုပ်လို့မရဘူး။ အဆောက်အဦးတွေက ငှားလို့ရမယ်၊ လယ်တွေက စားလို့ရဦးမယ်” လို့ Buffett က သူ့ရဲ့အမြင်ကို အခုလိုပဲ ပြောသွားပါတယ်။

Ref: CNBC