မြေပြင်ကနေ ဝေဟင်၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် ပျံတက်၊ ဆင်းသက်နိုင်တဲ့ ကားပျံတွေ မဝေးတော့တဲ့ အနာဂတ်မှာ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ လန်ဒန် အခြေစိုက် Bellwether Industries က Volar ကားပျံ နမူနာမော်ဒယ်ကို ပထမဆုံး အကြိမ် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။ ကုမ္ပဏီက လာမယ့် ဆယ်စုနှစ်အတွင်းမှာ ကားပျံတွေနဲ့ လူတွေ သွားလာနိုင်ကြတော့မယ်လို့ ယုံကြည်ထားပါတယ်။

Volar ကားပျံကို ၂၀၂၈ ခုနှစ်မှာ ရောင်းချဖို့ ကုမ္ပဏီက မျှော်မှန်းထားပြီး ဖိုင်နယ် မော်ဒယ်ဟာ ၁၀.၅ ပေ အကျယ်ရှိကာ လူ ၅ ယောက် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ Website မှာ “ လာမယ့် ၁၀ နှစ်အတွင်းမှာ လူတွေဟာ ကောင်းကင်ယံကနေ သွားလာကြတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Volar ကားပျံကို ဖန်တီးရတာ ဖြစ်ပြီး အချိန်မရွေး ကြိုက်တဲ့ နေရာကို သွားနိုင်မှာ ဖြစ်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

Watch The Futuristic Flying Car Volar's Amazing First Test Flight Footage

Bellwether က Volar ကားပျံရဲ့ ဖိုင်နယ် မော်ဒယ်ဟာ အမြင့်ပေ ၃,၀၀၀ အထိ တစ်နာရီကို ၁၃၅ မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်မယ်လို့ ပြောပါတယ်။ ဘက်ထရီ သက်တမ်းက မိနစ် ၉၀ လောက်ခံမှာ ဖြစ်တဲ့အတွက် Lilium ဖန်တီးနေတဲ့ eVTOL ကားပျံ တက္ကစီတွေနဲ့ တူညီပါတယ်။

ဗီဒီယိုမှာ Volar ကားပျံဟာ မြေပြင်ကနေ ဒေါင်လိုက် ပျံတက်တဲ့အခါမှာ တုန်ခါနေတာ မြင်ရပြီး ဒါဟာ နမူနာမော်ဒယ်အဆင့်ပဲ ရှိသေးတဲ့အတွက် လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ လာမယ့် နှစ်အနည်းငယ်အတွင်းမှာ Volar ဟာ တော်တော်တိုးတက်လာမယ်လို့ ထင်ရပါတယ်။

Ref : interestingengineering