WhatsApp iOS ဗားရှင်းဟာ လူသိများတဲ့ App တစ်ခုဖြစ်ပေမယ့် အခြားလူသိနည်းတဲ့ App တွေလိုပဲ Dark Theme မရရှိသေးဘဲ မျက်နှာငယ်နေရပါတယ်။ Facebook အနေနဲ့ WhatsApp အတွက် Dark Theme ထုတ်ပေးဖို့ကို အချိန်ကြာမြင့်စွာ နှောင့်နှေးနေခဲ့တာလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီလရဲ့ ဒုတိယပတ်အစမှာတော့ Facebook ဟာ WhatsApp iOS ဗားရှင်းအတွက် Dark Mode ထောက်ပံ့ပေးဖို့ စမ်းသပ်မှုတွေလုပ်နေပြီဆိုတဲ့ သတင်းထွက်လာပါတယ်။ 9To5Mac ကတော့ Beat testing ပဲလုပ်သေးတာဖြစ်ပြီး အသုံးပြုသူတွေအားလုံးဆီရောက်ဖို့ အချိန်စောင့်ရဦးမယ်လို့ ဆိုပါတယ်။

WhatsApp iOS ဗားရှင်း 2.20.30.12 မှာ Dark Mode စတင်စမ်းသပ်နေပြီဆိုတဲ့အကြောင်းကို Reddit မှာ မျှဝေထားကြတာကို ကိုးကားပြီး 9To5Mac ကဖော်ပြခဲ့တာပါ။ ဒါကြောင့် Facebook ဟာ WhatsApp iOS ဗားရှင်းကို Dark Mode ထုတ်မပေးတော့ဘူးဆိုတဲ့ ကောလာဟလတွေလည်း လွင့်ပျယ်သွားရပြီဖြစ်ပါတယ်။

iOS အတွက် Dark Mode ပါဝင်တဲ့ WhatsApp ဗားရှင်းသစ်ကို စမ်းသပ်ချင်တယ်ဆိုရင်တော့ Apple ရဲ့ TestFlight platform ကတစ်ဆင့် ယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် Beta ဗားရှင်းဟာ စမ်းသပ်သူတွေအသုံးပြုဖို့အတွက် သက်သက်သာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Facebook ဘက်ကတော့ iOS အတွက် Dark Mode ထုတ်ပေးမယ်၊ မထုတ်ပေးဘူးဆိုတာနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးထားသေးပါဘူး။ ဒါပေမယ့်လည်း iOS အသုံးပြုသူတွေအနေနဲ့ Dark Mode ပါဝင်တဲ့ WhatsApp Final ဗားရှင်းကို တရားဝင်အသုံးပြုခွင့်ရဖို့ အကြာကြီးစောင့်ဆိုင်းစရာ မလိုတော့ဘူးလို့ ယုံကြည်ရပါတယ်။

Ref: Phone Arena