Messaging app တွေဟာ မူလတုန်းကတော့ စာတိုပို့ပြီး တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ပဲ ရည်ရွယ်ထားခဲ့တာပါ။ နောက်တော့ အဖွဲ့လိုက်ဆက်သွယ်ဖို့ပါ ဝန်ဆောင်ပေးလာပါတယ်။ ဒီနောက်မှာတော့ စာတိုအပြင် Image တွေ၊ Audio တွေ၊ Video တွေပါ ပို့ဆောင်နိုင်ဖို့ ဝန်ဆောင်လာပါတော့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခြေခံကတော့ စာသားနဲ့ဆက်သွယ်တာပါပဲ။ စာသားနဲ့ဆက်သွယ်တာက ရိုးရှင်းထိရောက်တယ်ဆိုပေမဲ့ emoji အချို့ကိုပါ လိမ္မာပါးနပ်စွာနဲ့ ထည့်သွင်းအသုံးပြုတဲ့အခါမှာတော့ ပိုပြီးတော့ ဆွဲ ဆောင်မှုရှိလာစေသလို၊ သက်ရောက်မှုလည်း ပိုပြီးတိုးလာစေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် Messaging App တွေမှာ emoji သုံးနိုင်ခြင်းကလည်း အသုံးပြုသူရဲ့ စိတ်ကျေနပ်မှုကို သိမ်းပိုက်နိုင်ခြင်းလို ဖြစ်နေပါတော့တယ်။

Emoji တွေက အရေးပါသလို Message reaction ကလည်း အရေးပါတဲ့အခန်းကဏ္ဍ တစ်ခုမှာရှိနေပါတယ်။ တစ်ဘက်က ပေးပို့လိုက်တဲ့ Message ကို အမြန်ဆန်ဆုံး၊ အထိရောက်ဆုံး တုံ့ပြန်နိုင်စွမ်းက Message reaction တွေမှာ ရှိနေပါတယ်။ အခုတော့ WhatsApp မှာလည်း Message reaction တွေ သုံးနိုင်ပါတော့မယ်။

Meta CEO Mark Zuckerberg က WhatsApp မှာ Message reaction တွေကို စတင်ပြီး ထုတ်ပေးနေပြီလို့ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာ ပထမဦးဆုံးအကြိမ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်ရရှိခဲ့ကြတာဖြစ်ပေမဲ့ အခုအချိန်မှာတော့ Beta စမ်းသပ်ခြင်းကာလ ပြီးဆုံးသွားပြီဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Message react လုပ်ဖို့ emoji ၆ ခုပဲ ထောက်ပံ့ပေးထားတယ်ဆိုပေမဲ့ ဒီ ၆ ခုစလုံးက အခြေခံအရာတွေကို ကိုယ်စားပြုနိုင်ပါတယ်။ Reaction ပြုလုပ်ဖို့အတွက် Message ကို ဖိထားတဲ့အခါ Pop-up ပေါ်လာမှာဖြစ်ပြီး ကြိုက်နှစ်သက်ရာ emoji ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Ref: Android Police