စမတ်ဖုန်း အမှတ်တံဆိပ်အတော်များများက Special Edition တွေ ထုတ်လေ့ရှိကြတာ မဆန်းပါဘူး။ Marketing သဘောတရားအရ Brand ရဲ့ Audience ကြိုက်မဲ့ ဒီဇိုင်းမျိုးတွေလည်း လုပ်သလို၊ အမှတ်တရနေ့စွဲတစ်ခုကို အမှီပြုပြီးလုပ်တာမျိုး၊ တန်ဖိုးကြီးမားလွန်းတဲ့ ထူးထူးဆန်းဆန်းဒီဇိုင်းဖြစ်အောင် ကွန့်မြူးပြီး လုပ်တာမျိုး၊ Fancy ဒီဇိုင်းဖြစ်အောင်လုပ်တာမျိုး စသဖြင့် အမျိုးမျိုး လုပ်လေ့ရှိကြပါတယ်။

အခုတော့ အမျိုးအမည်မသိရတဲ့ စမတ်ဖုန်းတစ်လုံးဟာ Coca-Cola ဒီဇိုင်းနဲ့ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီပုံကို နာမည်ကျော် Leakster ဖြစ်တဲ့ Ice Universe က ယူဆောင်လာတာပါ။ ဘယ်အမှတ်တံဆိပ်လဲ၊ ဘယ်မော်ဒယ်လဲ ဆိုတာကိုတော့ Ice Universe ကိုယ်တိုင်က ဖော်ပြမထားဘဲ ပဟေဠိဖွက်ထားတာပါ။

မမျှော်လင့်ထားတဲ့ အမှတ်တံဆိပ်တစ်ချို့ဆီကနေ ထူးဆန်းတဲ့ဖုန်းတွေ တွေ့မြင်ရလေ့ရှိတာကြောင့် ဒီ Cola ဖုန်းကလည်း အပျော်တမ်းပဟေဠိအဖြစ် ခန့်မှန်းချင်စရာတော့ ကောင်းနေပါတယ်။ “လုံးဝကို အသစ်ဖြစ်နေတဲ့ #ColaPhone ရဲ့ ပုံကို တွေ့ရပါပြီ။ စမတ်ဖုန်း အမှတ်တံဆိပ်နဲ့အတူ Coca-Cola က ပူးပေါင်းပါဝင်ထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘယ်အမှတ်တံဆိပ် ဖြစ်မလဲဆိုတာကို ခန့်မှန်းနိုင်လား” လို့တော့ Ice Universe က မေးထားပါသေးတယ်။

ကျောကိုယ်ထည်မှာ Coca-Cola အမှတ်တံဆိပ်ကို မြင်တွေ့ရပြီး ကင်မရာနှစ်လုံးနဲ့ ဖလက်ရှ်တစ်ခုကို တွေ့မြင်ရပါတယ်။ ဖုန်းရဲ့ကိုယ်ထည်ပုံစံနဲ့ ကင်မရာတပ်ဆင်ပုံအရ Vanilla Realme 10 မော်ဒယ်ဖြစ်နိုင်ခြေ အတော်များပါတယ်။ စာဖတ်သူတွေအနေနဲ့ရော ဘယ်အမှတ်တံဆိပ်နဲ့ဖုန်းဖြစ်မယ်ဆိုတာကို ခန့်မှန်းပေးသွားကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

Ref: GSM Arena