Microsoft ဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း သူတို့ရဲ့ Windows operating system နဲ့ပတ်သက်တဲ့ စွမ်းဆောင်ရည်တွေကို ပြည်လည်ကြည့်ရှုပြီး အဆိုပါကာလအတွင်း အောင်မြင်မှုအချို့ကို ပြန်လည်မျှဝေခဲ့ပါတယ်။ ဒီကာလအတွင်းမှာတော့ Windows 10 နဲ့ Windows 11 သုံးစွဲသူတွေက အများဆုံး ဖြစ်နေခဲ့ပါတယ်။

လက်ရှိအချိန် ကမ္ဘာတစ်ဝန်းလုံးမှာ လစဉ်အသုံးပြုနေတဲ့ Windows 10 နဲ့ Windows 11 အသုံးပြုသူက ၁.၄ ဘီလီယံကျော် ရှိနေပါတယ်။ Windows အသုံးပြုချိန်ဟာ ကမ္ဘာ့ကပ်ရောဂါကြိုကာလထက် ၁၀% တိုးလာတယ်လို့လည်း ဆိုပါတယ်။ ပျမ်းမျှအားဖြင့် အသုံးပြုသူတွေဟာ သူတို့ရဲ့ Windows 10 PC တွေထက် Windows 11 PC တွေမှာ ၄၀% ပိုပြီး အချိန်ဖြုန်းနေကြတယ်လို့ သိရပါတယ်။

ဒီလို သုံးစွဲချိန် ၄၀% ပိုနေကြတာဟာ OS သစ်ရဲ့စွမ်းရည်က ကောင်းလွန်းတာကြောင့်တော့ မဟုတ်နိုင်ပါဘူး။ အခြားအကြောင်းအရာ တစ်ခုခု၊ ဒါမှမဟုတ် ပိုများတဲ့အကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပါတယ်။ Canaly ရဲ့ နံပါတ်တွေကို ကိုးကားပြီးပြောဆိုရမယ်ဆိုရင်တော့ Microsoft ဟာ ၂၀၂၁ ခုနှစ်မှာ PCs အလုံးရေ သန်း ၃၄၀ ကျော်တင်ပို့ခဲ့ပြီး ၂၀၁၉ ခုနှစ်ကထက် ၂၇% တိုးလာတာပဲ ဖြစ်ပါတယ်။

PC အသုံးပြုသူတွေဟာ Windows 11 ကို လှိုက်လှိုက်လှဲလှဲကြိုဆိုကြတယ်လို့ Microsoft က ဆိုပါတယ်။ အခမဲ့ Upgrade လုပ်ခွင့်ရခြင်းနဲ့အတူ Windows 8 ကနေ Windows 10 ဆီ ကူးပြောင်းနှုန်းထက် နှစ်ဆပိုများခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဘယ် Windows နဲ့မဆို နှိုင်းယှဉ်ရင် Windows 11 မှာ မြင့်မားတဲ့ အရည်အသွေးနဲ့ စိတ်ကျေနပ်ရခြင်းတွေရှိနေကြောင်းလည်း Microsoft က မျှဝေထားပါသေးတယ်။

ဒါပေမဲ့လည်း Windows 11 ဟာ Windows 10 သုံးစွဲသူ အချို့အတွက်သာ ကမ်းလှမ်းထားတာဖြစ်ပြီး Windows 10 ကတော့ Windows 8 အသုံးပြုသူတိုင်းအတွက် ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Windows 10 ကနေ Windows 11 ကူးပြောင်းမှုဟာ လုံးဝချောမွေ့ခြင်းမရှိသေးတာကို တွေ့မြင်နေရပေမဲ့ ကိန်းဂဏန်းတွေကတော့ အထင်ကြီးစရာကို ရောင်ပြန်ဟပ်နေပြန်ပါတယ်။

AMD processor တွေဟာ Windows 11 နဲ့ မကိုက်ညီတဲ့ပြဿနာတွေရှိနေပြီး Bugs အတော်များများနဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီပြဿနာတွေကို မြန်မြန်ဆန်ဆန်ဖြေရှင်းလိုက်နိုင်ခြင်းက အခုရလဒ်ကို ဖြစ်ပေါ်စေရာမှာ အဓိကကျတယ်လို့ သုံးသပ်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Microsoft ရဲ့ Windows 11 ဆီမြှင့်တင်ဖို့ကမ်းလှမ်းမှုဟာ ၂၀၂၂ နှစ်လယ်ပိုင်းမတိုင်မီမှာပဲ သူတို့ရဲ့ Final phase ဆီ ရောက်ရှိနေပြီလို့ ကြေညာခဲ့ပါတယ်။

Ref: GSM Arena