Windows User တွေကြားမှာ ဒီရက်ပိုင်း စိတ်ဝင်တစားစောင့်ကြည့်နေကြတာကတော့ Windows 11 အကြောင်းတွေပဲ ဖြစ်မယ်ထင်ပါတယ်။ အထူးသဖြင့် လာမဲ့ ဇွန်လ ၂၄ ရက်နေ့မှာ Event ကျင်းပမှာဖြစ်တဲ့အပြင် Windows 11 ရဲ့ ISO ကလည်း ယိုစိမ့်ထွက်ပေါ်ထားပြီးဖြစ်တာကြောင့် Official Release ကို စောင့်စားနေသူတွေအတွက်တော့ ပိုပြီးရင်ခုန်စရာဖြစ်နေမှာပါ။

ပေါက်ကြားထားပြီးသားတွေအရ Windows 11 ရဲ့ UI အပြောင်းအလဲကလည်း အတော်လေးစိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ပေါက်ကြားမှုအရ Microsoft ရဲ့ Windows 11 အတွက် Default wallpaper ကို အတော်များများ မြင်တွေ့ပြီးကြမှာပါ။ ဒါပေမယ့် Operating System နဲ့ တွဲဖက်ထားတဲ့ အခြား Wallpaper တွေကလည်း အလန်းစားတွေဖြစ်နေတာကို ထပ်ပြီးတွေ့လာရပါတယ်။


ကမ္ဘာကျော် နည်းပညာဝက်ဘ်ဆိုက်ဖြစ်တဲ့ The Verge ကတော့ Microsoft က ထောက်ပံ့လာခဲ့သမျှတွေထဲမှာ Windows 11 ရဲ့ Default wallpaper တွေဟာ အကောင်းဆုံးလို့ ပြောရမယ်ဆိုပြီးတော့ အမွှမ်းတင်နေပါတယ်။ အဓိက Default wallpaper မှာက Fabric တစ်ခုရဲ့ အပိုင်းအစတစ်နေရာဖြစ်ပြီး Light နဲ့ Dark ဗားရှင်းတွေ ပါဝင်တာပါ။

အခု Windows 11 မှာတော့ Windows 10 မှာ ပုံမှန်လိုလိုမြင်တွေ့ခဲ့ကြရတဲ့ Windows Logo ဒါမှမဟုတ် Windows 8 ရဲ့ ဒေစီပန်းကြီးနှစ်ပွင့်နဲ့ မတူညီဘဲ ခွဲထွက်နေတဲ့ ဒီဇိုင်းအယူအဆကို မြင်တွေ့ရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ထပ်ရှိနေသေးတဲ့ Collection Wallpaper တွေကလည်း ဒီဇိုင်းအယူအဆသစ်ကိုပဲ ဖော်ညွှန်းနေတာ တွေ့ရပါတယ်။


“Captured Motion” ဟာ ပိုပြီးတော့ အရောင်အသွေးစုံလင်မှုကို ပေးအပ်ပါတယ်။ “Flow” collection ကတော့ သိမ်မွေ့နူးညံ့တဲ့ ခံစားချက်ကို ပေးပါတယ်။ “Glow” ကတော့ Windows 11 ရဲ့ Backdrop ကို ပိုပြီးတောက်ပစေတယ်လို့ ဆိုရမှာပါ။ “Sunrise” collection ကတော့ Windows 11 UI work ရဲ့ Sun Valley codename ကို အရိပ်တင်မက၊ အကောင်လိုက်ပါ ပြသနေသလိုပါပဲ။

လက်ရှိတွေ့မြင်နေရတာက Windows 11 ရဲ့ မပြည့်စုံသေးတဲ့ ISO ဖိုင်မှာ ပါသလောက်ပဲရှိပါသေးတယ်။ ဒါကြောင့် တရားဝင်ထွက်လာတဲ့အခါ ပိုပြီးတော့ကောင်းတဲ့ UI အဖြစ် မျှော်လင့်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Windows 11 ရဲ့ ဆန်းသစ်ပြောင်းလဲမှုကို Windows 7 ကနေစပြီး အခုနောက်ဆုံး Windows ဖြစ်တဲ့ Windows 10 သုံးနေတဲ့ User တွေအားလုံး အခမဲ့ရရှိမယ်လို့ ယုံကြည်ရပါတယ်။

Ref: The Verge