Microsoft ဟာ လက်ရှိအချိန်မှာ Windows 11 ကို တရားဝင် Stable Version ထုတ်ပေးနေပြီဖြစ်ပါတယ်။​ အစောပိုင်းတုန်းက Microsoft ကနေ အခုနောက်ပိုင်းထွက်ရှိလာတဲ့ PC တွေအတွက်ပဲ Windows 11 ကို ထုတ်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ဝေဖန်မှုတွေမြင့်မားလာတာကြောင့် ယခင်တုန်းက PC အဟောင်းတွေကိုပါ အသုံးပြုနိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။

အခုအချိန်မှာတော့ ဒီလိုမျိုး Microsoft ကနေ တရားဝင်အသိအမှတ်ပြုထားတာမဟုတ်တဲ့ PC တွေမှာ Windows 11 ကို အသုံးပြုနေတယ်ဆိုရင် အသိပေးသွားတော့မှာဖြစ်ပါတယ်။ ဒါကတော့ လက်ရှိ Windows Activate မပြုလုပ်ထားတဲ့အချိန်မှာ အသိပေးသလိုမျိုး Desktop Wallpaper မှာ Watermark အနေနဲ့ ဖော်ပြသွားမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Settings ထဲမှာလည်း ဖော်ပြသွားမှာပါ။

Microsoft ဟာ အခုလိုမျိုး ပြောင်းလဲမှုတွေပြုလုပ်ဖို့အတွက်ကို ပြီးခဲ့တဲ့ လပိုင်းထဲက စမ်းသပ်နေခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Release Preview အနေနဲ့ ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်မှာ Stable Version အတွက်လည်း ရရှိလာတော့မှာဖြစ်ပါတယ်။

အခုဖော်ပြသွားမယ့် Watermark ဟာ “System requirements not met. Go to settings to learn more.” ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စာသားဟာ Intel 8th Gen Processor မတိုင်ခင် Processor တွေနဲ့ AMD Zen+ အစောပိုင်း Processor တွေပါဝင်မှာဖြစ်ပါတယ်။

Ref – The Verge