Meta ကုမ္ပဏီရဲ့ CEO ဖြစ်သူ Mark Zuckerberg နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုပြီး ကုမ္ပဏီဝင်းထဲကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့တဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကို ဇန်နဝါရီ ၅ ရက်နေ့ မနက်အစောပိုင်းက Menlo Park မှာရှိတဲ့ Meta ရုံးချုပ်မှာ ဖမ်းဆီးခဲ့ပါတယ်။ Taina Felix လို့ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ တက္ကစီနဲ့ ရောက်လာခဲ့တာဖြစ်ပြီး လုံခြုံရေးတွေက Zuckerberg မရှိကြောင်း ပြောပြပေမယ့် လက်မခံဘဲ ဆက်ရှိနေခဲ့တာကြောင့် ရဲတွေက ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

The Meta sign at 1 Hacker Way in Menlo Park on Oct. 28, 2021. Photo by Magali Gauthier.

သူမကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုထားပြီး County အချုပ်ထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ ခရိုင်ရှေ့နေ Steve Wagstaffe ကတော့ ပိုင်နက်ကျူးလွန်မှုလောက်နဲ့ ထောင်ချတာ ထူးဆန်းပေမယ့် သူမက ကျူးလွန်ကြောင်း ဝန်ခံလက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ရဲမှတ်တမ်းမှာတော့ သူမက ဘာကြောင့် Zuckerberg နဲ့ တွေ့ချင်ရတာလဲဆိုတဲ့ အကြောင်းရင်းကို အတိအကျ မဖော်ပြထားပါဘူး။

Mark Zuckerberg - CNBC

အဲဒီနေ့ ညနေပိုင်းမှာပဲ တရားရုံးက သူမကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့ပြီး Meta ရုံးချုပ်နား မသွားဖို့ တားမြစ်မိန့်ထုတ်ပေးဖို့ တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။ ဒီလိုပယ်ချခဲ့တဲ့အပေါ် ခရိုင်ရှေ့နေက အံ့အားသင့်ခဲ့ပြီး ဘယ်လိုအကြောင်းပြချက်နဲ့ ပယ်ချလဲဆိုတာ နားမလည်နိုင်ဘူးလို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

Felix ဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း San Francisco အပြည်ပြည်ဆိုင်ရာလေဆိပ်က ကန့်သတ်ဧရိယာထဲ ဝင်ရောက်မှု၊ ရဲကို လိမ်လည်ထွက်ဆိုမှုတွေနဲ့ အဖမ်းခံခဲ့ရဖူးသူ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ပြစ်မှုကျူးလွန်တာမျိုး မရှိခဲ့ပေမယ့် အခုလက်ရှိအမှုအတွက် လာမယ့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့မှာ ရုံးချိန်းရှိနေပါတယ်။

Ref : almanacnews