ဆွစ်ဇာလန်နဲ့ အီတလီနိုင်ငံက တက္ကသိုလ်နဲ့ သုတေသနဌာနတွေဖြစ်တဲ့ SUPSI၊ IDSIA နဲ့ Politecnico di Milano တို့ က AI စက်ရုပ်ဒရမ်သမား (Robot Drummer) ကို တီထွင်လိုက်ပါတယ်။ ဒီ “Robot Drummer” ဟာ ကြိုတင်သတ်မှတ်ထားတဲ့ ပရိုဂရမ်အတိုင်း တီးခတ်တာမျိုးမဟုတ်ဘဲ၊ AI နည်းပညာကို အသုံးပြုပြီး လူသားဂီတပညာရှင်တွေလိုပဲ သင်ယူလေ့လာကာ တီးခတ်တာ ဖြစ်ပါတယ်။

ဒီစက်ရုပ်ရဲ့ ဦးနှောက်လို့ခေါ်နိုင်တဲ့ ဉာဏ်ရည်တု (AI) နဲ့ သင်ကြားရေးစနစ်ကို ဆွစ်ဇာလန်နိုင်ငံက SUPSI (University of Applied Sciences and Arts of Southern Switzerland) နဲ့ IDSIA (Dalle Molle Institute for Artificial Intelligence Research) က သုတေသီတွေက တီထွင်ခဲ့ပါတယ်။ စက်ရုပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံကိုတော့ အီတလီနိုင်ငံက Politecnico di Milano က တာဝန်ယူ တည်ဆောက်ခဲ့ပါတယ်။

Pushing the Boundaries of Music: A Humanoid Robot Learns to Play the Drums  - SUPSI

ဒီစက်ရုပ်ဟာ MIDI လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ဂီတဖိုင်တွေထဲက တကယ့်ဒရမ်တီးခတ်မှုပုံစံတွေကို အတုယူ လေ့လာသင်ယူပါတယ်။ အမှားအမှန်ကို သူ့ဘာသာသူသိရှိပြီး အကြိမ်ကြိမ်ကြိုးစားလေ့ကျင့်ခြင်း (trial and error) နဲ့ အကောင်းဆုံး တီးခတ်နိုင်အောင် သင်ယူတာ ဖြစ်ပါတယ်။ အချိန်ကိုက်မှန်ကန်စွာ တီးခတ်နိုင်ရင် ဆုချပြီး၊ မှားယွင်းရင် အပြစ်ပေးတဲ့စနစ် (reinforcement learning) နဲ့ သူ့ရဲ့အရည်အသွေးကို မြှင့်တင်ပါတယ်။

လေ့ကျင့်မှု အတွေ့အကြုံများလာတာနဲ့အမျှ စက်ရုပ်ဟာ လက်တွေကို တစ်ဖက်တစ်ချက်စီ ပြောင်းပြီးတီးခတ်တာ၊ ဒရမ်တွေကို လက်ယှက်ပြီးတီးတာလိုမျိုး လူသားဒရမ်သမားတွေရဲ့ ရှုပ်ထွေးတဲ့ လှုပ်ရှားမှုတွေကို သူ့အလိုလို တတ်မြောက်လာပါတယ်။ ဒီလှုပ်ရှားမှုတွေကို သီးသန့် ပရိုဂရမ်ရေးဆွဲထည့်သွင်းထားတာ မဟုတ်ပါဘူး။

ဒီစီမံကိန်းရဲ့ ရည်မှန်းချက်ဟာ လူသားဒရမ်သမားတွေကို အစားထိုးဖို့ မဟုတ်ပါဘူး။ လူနဲ့ စက်ရုပ်တို့ရဲ့ အနုပညာဖန်တီးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကို လေ့လာဖို့နဲ့ AI နည်းပညာရဲ့ အနုပညာနယ်ပယ်မှာ တီထွင်ဖန်တီးမှုအသစ်တွေကို ရှာဖွေဖို့ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီစက်ရုပ်ဟာ ကွန်ပျူတာ Simulation ပတ်ဝန်းကျင်ထဲမှာပဲ တီးခတ်နိုင်သေးပေမယ့်၊ သုတေသီတွေဟာ တကယ့်လက်တွေ့ကမ္ဘာမှာ လူသားဂီတပညာရှင်တွေနဲ့အတူ တီးခတ်နိုင်အောင် လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြပါတယ်။

Ref : Interesting Engineering