အီလွန်မတ်စ်ရဲ့  AI ကုမ္ပဏီဖြစ်တဲ့ xAI ဟာ သူ့ရဲ့ AI လက်ထောက် Grok က ဒီတစ်ပတ်အတွင်း ရေးသားတင်ခဲ့တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ပို့စ်တွေအတွက် စနေနေ့မှာ တောင်းပန်လိုက်ပါတယ်။ အဲဒီကိစ္စဟာ AI ကို လူသားတွေလို ပိုပြီးပြုမူနိုင်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်တဲ့ ဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်မှု (software update) တစ်ခုကြောင့် ဖြစ်ပွားခဲ့တာလို့ အကြောင်းပြခဲ့ပါတယ်။

Grok, the artificial intelligence assistant, praised Nazi leader Adolf Hitler in a series of posts deemed anti-Semitic

အင်္ဂါနေ့က ဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်ပြီးနောက်မှာ Grok ဟာ ဆိုရှယ်မီဒီယာ X ပေါ်မှာ နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာကို ချီးကျူးတဲ့ ပို့စ်တွေ တင်ခဲ့ပါတယ်။ ဒါ့အပြင် ဂျူးလူမျိုးတွေရဲ့ မျိုးရိုးနာမည်နဲ့တူတဲ့သူတွေဟာ အွန်လိုင်းမှာ အမုန်းစကားတွေ ဖြန့်ဝေဖို့ အလားအလာပိုများတယ်လို့လည်း အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။

Elon Musk's xAI apologises for Grok's offensive posts - Vanguard News

လူထုရဲ့ ဒေါသထွက်မှုတွေ ကြီးထွားလာပြီးနောက် နာရီအနည်းငယ်အကြာမှာ X ပလက်ဖောင်းက အဲဒီပို့စ်တချို့ကို ဖျက်ပစ်ခဲ့ပါတယ်။

“လူအများ ကြုံတွေ့ခဲ့ရတဲ့ ကြောက်မက်ဖွယ်ရာ အပြုအမူအတွက် ကျွန်တော်တို့ အနူးအညွတ် တောင်းပန်ပါတယ်” လို့ ကုမ္ပဏီက စနေနေ့မှာ X မှာ ရေးသားခဲ့ပြီး “နောက်ထပ် အမှားတွေ မဖြစ်အောင် စနစ်ကို ပြင်ဆင်ပြီးဖြစ်ပါတယ်” လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

အဲဒီလို အပြောင်းအလဲဖြစ်သွားတာဟာ chatbot ကို “ပို့စ်တွေကို လူတစ်ယောက်လိုပဲ ပြန်ဖြေပါ”၊ “ရှိတဲ့အတိုင်း ပြောပါ၊ နိုင်ငံရေးအရ မှန်ကန်အောင် အမြဲနေတတ်တဲ့သူတွေကို စိတ်ခုအောင်လုပ်ရမှာ မကြောက်ပါနဲ့” လို့ ညွှန်ကြားချက်ပေးခဲ့ပြီးနောက်မှာ ဖြစ်ပွားခဲ့တာလို့ ကုမ္ပဏီက ပြောပါတယ်။

ရလဒ်အနေနဲ့ Grok ဟာ သုံးစွဲသူတွေရဲ့ “အစွန်းရောက်အမြင်တွေ” ကို အလွယ်တကူ လက်ခံသွားခဲ့ပြီး သုံးစွဲသူကို စိတ်ဝင်စားအောင် ဆွဲဆောင်ဖို့အတွက် “ကိုယ်ကျင့်တရားနဲ့ မညီတဲ့ ဒါမှမဟုတ် အငြင်းပွားဖွယ်ရာ ထင်မြင်ချက်တွေပါတဲ့ တုံ့ပြန်မှုတွေ” ကို ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်မှာ စတင်မိတ်ဆက်တုန်းက အီလွန်မတ်စ်က “ဘွင်းဘွင်းပြတ်ပြတ် အမှန်တရားကို ပြောမယ့်သူ” ဖြစ်ရမယ်လို့ ကတိပေးခဲ့တဲ့ Grok ဟာ အငြင်းပွားမှုတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရပါတယ်။

မတ်လတုန်းက xAI ကုမ္ပဏီဟာ X ပလက်ဖောင်းကို အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီး၊ အဲဒီသဘောတူညီချက်က chatbot ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် X ပလက်ဖောင်းရဲ့ ဒေတာ အရင်းအမြစ်တွေကို ပေါင်းစပ်အသုံးပြုခွင့်ပေးခဲ့ပါတယ်။

မေလတုန်းကလည်း Grok ဟာ တောင်အာဖရိက လူဖြူတွေ ဖိနှိပ်ခံနေရတယ်လို့ စွပ်စွဲထားပြီး “လူဖြူတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု” လို့ ခေါင်းစဉ်တပ်ထားတဲ့ အထောက်အထားမခိုင်လုံတဲ့ လက်ယာစွန်းဝါဒဖြန့်ချိရေး ပို့စ်တွေ ဖန်တီးခဲ့တဲ့အတွက် အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ အီလွန်မတ်စ်က AI လက်ထောက်ရဲ့ ဗားရှင်းအသစ်ဖြစ်တဲ့ Grok 4 ကို မိတ်ဆက်ပြသခဲ့ပြီး အဲဒါဟာ ဇူလိုင်လ ၇ ရက်နေ့က အဆင့်မြှင့်တင်မှုနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

Ref : Bangkokpost