Xiaomi က စက်တင်ဘာ ၂၉ ရက်နေ့ ဒီနေ့မှာ စမတ်ထုတ်ကုန်အချို့ကို အိန္ဒိယမှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ကောလာဟလတွေအရ တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီအနေနဲ့ နည်းပညာပစ္စည်း အနည်းဆုံးသုံးမျိုးကို မိတ်ဆက်သွားမယ်လို့ သိရပြီး အဲ့ဒီထဲမှာ Mi Band 5၊ Mi Watch Revolve နဲ့ Mi Smart AI Speaker တို့လည်း ပါဝင်မှာပါ။ ယုံကြည်ရတဲ့ Tipster Ishan Agarwal က အိန္ဒိယမှာ အသစ်မိတ်ဆက်မယ့် Smart Device တွေရဲ့ စျေးနှုန်းတွေကို ဖော်ထုတ်လိုက်ပါပြီ။

Tipster Ishan Agarwal ရဲ့ အဆိုအရ Mi Band 5 က MRP ရူပီး ၂၉၉၉ (မြန်မာငွေ ၅ သောင်း ၃ ထောင်ဝန်းကျင်) ရှိပြီး စျေးက ဒီထက် နည်းနိုင်ချေတော့ရှိနေပါတယ်။ ရူပီး ၂၄၉၉ (မြန်မာငွေ ၄ သောင်း ၄ ထောင်ဝန်းကျင်) နဲ့တောင် ဝယ်လို့ရနိုင်တယ်လို့ သူက ခန့်မှန်းထားပါတယ်။ Mi Watch Revolve ကတော့ MRP ရူပီး ၁၀၉၉၉ (မြန်မာငွေ ၁ သိန်း ၉ သောင်း ၅ ထောင် ဝန်းကျင်) ခန့်ရှိနိုင်တယ်လို့ ပြောပါတယ်။ သူ့ကိုလည်း MRP ရူပီး ၉၉၉၉ (မြန်မာငွေ ၁ သိန်း ၇ သောင်း ဝန်းကျင်) ထက်နည်းတဲ့ စျေးနဲ့ ရောင်းချနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ MI Smart AI Speaker နဲ့ ပတ်သက်တဲ့ စျေးကိုတော့ သူက ပြောထားတာ မရှိသေးပါဘူး။

Xiaomi Mi Band 5 က ၁.၁ လက်မအရွယ် AMOLED Color Display နဲ့ ထွက်လာမှာ ဖြစ်ပြီး ဘက္ထရီကတော့ 125mAh ဖြစ်ပါတယ်။ ဘက္ထရီသက်တမ်းက ၁၄ ရက်အထိ ဖြစ်ပြီး Magnetic Charging ကို အထောက်အပံ့ပေးထားပါတယ်။ Bluetooth 5.0 ကို သုံးထားပြီး နှလုံးခုန်နှုန်း အာရုံခံ ကိရိယာလည်း ပါဝင်ပါတယ်။ တရုတ်နိုင်ငံအတွက် ထုတ်လုပ်တဲ့ Mi Band 5 ဗားရှင်းမှာတော့ NFC Connectivity ပါဝင်ပေမယ့် အိန္ဒိယအတွက် ထုတ်တဲ့ အမျိုးအစားမှာတော့ NFC နဲ့ ပတ်သက်ပြီး အတိအကျ မသိရသေးပါဘူး။

Xiaomi Mi Watch ကတော့ အဝိုင်းပုံစံ ၁.၃၈ လက်မ AMOLED မျက်နှာပြင်နဲ့ တွေ့ရမှာဖြစ်ပြီး သူလည်း Bluetooth 5.0 နဲ့ NFC Connectivity အထောက်အပံ့ပေးထားပါတယ်။ 50ATM ရေစိုခံနိုင်မှုစွမ်းရည် ပါဝင်ပြီး ဘက္ထရီကတော့ 420mAh ဖြစ်ပါတယ်။

Ref – Gizmochina