မနှစ်က Xiaomi ကနေ ထုတ်ပြခဲ့တဲ့ 100W Super Charge Turbo အားအမြန်သွင်းစနစ်ဟာ အခုတလော မြင့်တက်လာတဲ့ Fast Charging ပြိုင်ပွဲအတွက် တကြော့ပြန်ဝင်လာပြီလို့ မှတ်ရမှာပါ။ 4,000 mAh ဘက္ထရီကို ၁၇ မိနစ်နဲ့ အားသွင်းပြခဲ့တဲ့ ဒီနည်းပညာကို ယူဆောင်လာမယ့် စမတ်ဖုန်းဟာ အခုချိန်မှာ စက်ရုံတင်ထုတ်လုပ်မှု စတင်နေပြီလို့ သတင်းတွေက ဆိုပါတယ်။

100W Xiaomi စမတ်ဖုန်းရဲ့သတင်းဟာ ထွက်နေတာတော့ ကြာပါပြီ။ မကြာသေးခင်ကလည်း 120W Xiaomi Charger ကို မော်ဒယ်နံပါတ် MDY-12-ED နဲ့ မှတ်ပုံတင်ခဲ့တာကြောင့် အဆိုပါဖုန်းမှာ ဒီ Charger နဲ့ တွဲဖက်လာမယ်လို့ ယူဆရပါတယ်။

Xiaomi ရဲ့အမြန်ဆုံးအားသွင်းစနစ်နဲ့ ဖုန်းကို အစက ၂၀၂၀ နှစ်ကုန်မှ အရိပ်လောက် မြင်ရဖို့ မျှော်လင့်ထားပေမယ့် အခုတော့ အမြောက်အများထုတ်လုပ်တဲ့အဆင့်ကို ရောက်နေပြီလို့ ဆိုလာတဲ့အတွက် နောက်လထဲမှာတင် မြင်တွေ့ရနိုင်ချေ ရှိနေပါတယ်။

ဒါ့အပြင် 100W Super Charge စမတ်ဖုန်းဟာ Wireless အားသွင်းစနစ်လည်း ပါဦးမယ်လို့ ဆိုထားပါတယ်။ အခုနှစ် အစောပိုင်းမှာ Xiaomi က သူတို့ရဲ့ 40W ကြိုးမဲ့အားသွင်းစနစ်ကို မိတ်ဆက်ခဲ့သေးတာမို့ ဒီဖုန်းမှာ အမြင့်ဆုံးအားသွင်းစနစ် ၂ မျိုး တပြိုင်တည်း ပါလာမလားဆိုတာ စိတ်ဝင်စားစရာပါ။ အနည်းဆုံးတော့ Mi 10 စီးရီးလို 30W ကြိုးမဲ့အားသွင်းစနစ် ပါလာနိုင်ပါတယ်။

ဒါပေမယ့်လည်း Xiaomi ရဲ့ 100W စမတ်ဖုန်းအမည်ကိုတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။ သတင်းတွေကတော့ Mi 10 Pro Plus, Mi Mix 4 စသဖြင့် အမျိုးမျိုး ညွှန်းဆိုထားကြပါတယ်။

Ref – GizmoChina