Xiaomi ဟာ လက်ရှိအချိန်မှာ Xiaomi 12 Series ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အဆိုပါ Xiaomi 12 Series ထဲမှာ Xiaomi 12 Pro ဟာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်နေပြီးတော့ လက်ရှိအချိန်မှာ တရုတ်နိုင်ငံစျေးကွက်အပြင် Global စျေးကွက်မှာပါ ရောင်းချနေပြီလို့ သိရပါတယ်။

ဒါပေမယ့်လည်း Xiaomi ကနေ 12 Series ဖုန်းတွေထဲမှာ အကြမ်းဆုံးဖြစ်လာမယ့် Xiaomi 12 Ultra ကိုတော့ လက်ရှိအချိန်အထိ မိတ်ဆက်ထားခြင်းမရှိသေးပါဘူး။ အခုအချိန်မှာတော့ Leakster တစ်ဦးရဲ့ ပြောကြားချက်အရ Xiaomi 12 Ultra မိတ်ဆက်မယ့်အချိန်က ထွက်ပေါ်လာပြီဖြစ်ပါတယ်။

သူ့ရဲ့ ပြောကြားချက်အရတော့ Xiaomi ဟာ လာမယ့် မေလအတွင်းမှာ Xiaomi 12 Ultra ဖုန်းကို တရားဝင်မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံတွင်းမှာပဲ အစောဆုံးမိတ်ဆက်မှာဖြစ်တာကြောင့် တခြားသော နိုင်ငံတွေနဲ့ Global စျေးကွက်ကိုတော့ မေလနောက်ပိုင်းမှပဲ မိတ်ဆက်သွားနိုင်ခြေရှိနေပါတယ်။

Xiaomi 12 Series ဖုန်းတွေအနေနဲ့ တရုတ်နိုင်ငံတွင်းမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် Global စျေးကွက်မှာတော့ ယခုနှစ် မတ်လအတွင်းမှ မိတ်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Xiaomi 12 Ultra ကို Global စျေးကွက်မှာ မြင်တွေ့ရဖို့ကတော့ အချိန်တော်တော်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Xiaomi 12 Ultra စမတ်ဖုန်းဟာ Qualcomm Snapdragon 8 Gen 1+ Chipset ၊ 120Hz QHD OLED Display ၊ 120W Fast Charging ပါဝင်တဲ့ 4900mAh Battery တွေအပြင် Leica Brand Camera Setup လည်းပါဝင်လာမှာဖြစ်ပါတယ်။

Ref – GSM Arena