Xiaomi ဟာ မကြာခင်ကာလအတွင်း သူ့ရဲ့ 12 Ultra flagships တွေကို သယ်ဆောင်လာဖွယ်ရှိပြီး အခုနောက်ဆုံးထွက်လာတဲ့သတင်းအရ လာမဲ့ ဇူလိုင်လ ၅ ရက်နေ့မှာ တရားဝင် မိတ်ဆက်မယ်လို့ သိရပါတယ်။ Tech Going ရဲ့ဖော်ပြမှုအရ ပရိုမိုးရှင်းနဲ့ Teasers တွေဟာ လာမဲ့ ဇွန်လ ၂၈ ရက်ကစပြီး လှုပ်ရှားတော့မယ်လို့ သိရပါတယ်။

အခုအချိန်အထိတော့ Tech Going ရဲ့ ဖော်ပြမှုနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့သတင်းရင်းမြစ်ကို မတွေ့ရသေးတာကြောင့် အတည်ပြုနိုင်ဖို့ ခဲယဉ်းနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Xiaomi 12 Ultra ကို တရားဝင်မိတ်ဆက်မဲ့အချိန်က နီးကပ်လာပြီဆိုတာဟာ အမှန်ပါပဲ။ လာမဲ့ ဇူလိုင်လရဲ့ တစ်ရက်ရက်မှာ မိတ်ဆက်လာဖွယ်ရှိနေကြောင်းကို ကနဦးသတင်းတွေမှာလည်း ဖော်ပြထားပြီး ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ပြိုင်ဘက်အမှတ်တံဆိပ်ဖြစ်တဲ့ ASUS က ROG Phone 6 ကို ဇူလိုင်လ ၅ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။ ROG Phone 6 မှာ Qualcomm ရဲ့ နောက်ဆုံးထွက် Chipset Snapdragon 8+ Gen 1 ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Xiaomi အနေနဲ့ သူ့ရဲ့ Flagship အသစ်ကို စောနိုင်သမျှစောစော ပွဲထုတ်လာနိုင်ဖွယ် ရှိနေပါတယ်။

Xiaomi 12 စီးရီးရဲ့ ပထမဆုံးမော်ဒယ်ကို ပြီးခဲ့တဲ့ဒီဇင်ဘာကတည်းက မိတ်ဆက်ခဲ့တာပါ။ ဒါကြောင့် အခုအချိန်က Xiaomi 12 Ultra ကို မိတ်ဆက်ရမဲ့အချိန်ရောက်နေပြီဆိုတာလည်း ထင်ရှားနေပါတယ်။ Xiaomi 12 Ultra ဟာ သူ့ရဲ့ ကျောဘက်ကင်မရာ တည်ဆောက်ပုံနဲ့ စွမ်းရည်တွေကြောင့် စိတ်ဝင်စားခြင်းခံနေရပြီး တရားဝင်မိတ်ဆက်လာဖို့ကို မျှော်လင့်စောင့်ဆိုင်းနေကြတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena