Xiaomi ဟာ အခုဆိုရင် Xiaomi 12 Series စမတ်ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်တုန်းက အကောင်းဆုံး Flagship ဖုန်းဖြစ်တဲ့ Mi 11 Ultra ရဲ့ မျိုးဆက်သစ် Mi 12 Ultra ကို မမိတ်ဆက်ရသေးဘူးဖြစ်ပါတယ်။ Xiaomi ကိုယ်တိုင်ကတော့ Xiaomi 12 Ultra ဖုန်းကို ယခုနှစ်အတွင်းမှာ မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး အတည်ပြုထားခဲ့ပါတယ်။

အခုလည်း အဆိုပါ Xiaomi 12 Ultra စမတ်ဖုန်းရဲ့ သတင်းအချို့က ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါသတင်းကိုတော့ နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Weibo စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ပြောကြားချက်အရတော့ Xiaomi 12 Ultra စမတ်ဖုန်းဟာ ပထမဆုံးသော Qualcomm Snapdragon 8 Gen 1+ Chipset ကို အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ Qualcomm ဟာ Snapdragon 8 Gen 1 ကိုပဲ တရားဝင်မိတ်ဆက်ထားတာကြောင့် 8 Gen 1+ ဟာ ပိုကောင်းတဲ့ Chipset ဖြစ်လာမယ်လို့ ယူဆရပါတယ်။

ဒါကိုတော့ Xiaomi 12 Ultra ရဲ့ IMEI Database ကနေ တစ်ဆင့်သိရှိရတာဖြစ်ပြီး Xiaomi 12 Ultra ဟာ Codename SM8475 အမည်ရှိတဲ့ Qualcomm Chipset ကို အသုံးပြုထားတာဖြစ်ပါတယ်။ လက်ရှိ Qualcomm Snapdragon 8 Gen 1 Chipset ရဲ့ Codename က SM8450 ဖြစ်တာကြောင့် အခုလိုမျိုး Xiaomi 12 Ultra မှာ Snapdragon 8 Gen 1+ Chipset ကို အသုံးပြုနိုင်မယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ Snapdragon 8 Gen 1+ Chipset ဟာ TSMC ရဲ့ 4nm Architecture ကို အသုံးပြုထားမှာကိုပဲ အတည်ပြုနိုင်သေးပြီး တခြား ဘယ်လိုမျိုး ကွာခြားမှုတွေရှိမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Ref – Gizmo China