Xiaomi 12S Ultra ဖုန်းဟာ လက်ရှိ Xiaomi ကနေ ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးသော Flagship စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ Xiaomi ဟာ 12S Series ဖုန်းတွေမှာ နာမည်ကြီး ကင်မရာကုမ္ပဏီဖြစ်တဲ့ Leica နဲ့ပူးပေါင်းခဲ့ပြီး Xiaomi 12S Ultra ဖုန်းမှာလည်း လက်ရှိစမတ်ဖုန်းတွေမှာ အသုံးပြုမှုမရှိသေးတဲ့ 1-inch Camera Sensor ကို အသုံးပြုထားခဲ့တာဖြစ်ပါတယ်။

အဆိုပါ 1-inch Camera Sensor ဟာ Sony ကနေ ထုတ်လုပ်ထားတဲ့ IMX989 Sensor အမျိုးအစားဖြစ်ပြီး Xiaomi ဟာ ပထမဆုံးအနေနဲ့ အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် 1-inch Sony IMX989 Camera Sensor ဟာ တခြားသော Camera Sensor တွေနဲ့ Xiaomi 12S Ultra ဖုန်းမှာ အသုံးပြုထားတဲ့အစိတ်အပိုင်းတွေနဲ့ နှိုင်းယှဥ်ရင် စျေးအကြီးဆုံးဖြစ်မယ်ဆိုပြီး ယူဆနိုင်ပါတယ်။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ Counterpoint Research ကနေ Xiaomi 12S Ultra ဖုန်းကို ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုး (BoM – Bill of Material) ကို ဖော်ပြခဲ့ပြီး အဆိုပါ Sony IMX989 Sensor ကို Xiaomi အနေနဲ့ ထင်ထားသလိုမျိုး စျေးကြီးပေးပြီး အသုံးပြုခဲ့တာမဟုတ်ကြောင်းတွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီအတွက် Xiaomi 12S Ultra ကိုထုတ်လုပ်သည့်စရိတ်ကလည်း တခြားသော Flagship ဖုန်းတွေနဲ့ယှဥ်ရင် သိသိသာသာပိုပြီး များပြားနေမှာမဟုတ်ပါဘူး။

အသေးစိတ်အနေနဲ့ Xiaomi 12S Ultra ဖုန်းမှာ အသုံးပြုထားတဲ့အစိတ်အပိုင်းတွေထဲမှာ Qualcomm Snapdragon 8+ Gen1 Chipset ဟာ စျေးအကြီးဆုံးဖြစ်ပြီး $128 ကျသင့်မှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Samsung ရဲ့ OLED Display က $89 နဲ့ ဒုတိယစျေးအကြီးဆုံးဖြစ်ပြီး Sony ရဲ့ 1-inch IMX 989 ပါတဲ့ Camera Sensor တွေရဲ့ ကုန်ကျစရိတ်ဟာ $79 နဲ့ တတိယနေရာမှာပဲရှိနေတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Memory ၊ Assembly/Test/IPR နဲ့ Casing/Waterproofing လိုမျိုး နည်းပညာတွေက အသီးသီးရှိနေမှာပါ။

အဲ့ဒီအတွက် Xiaomi 12S Ultra ဖုန်းရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ $516 ခန့်ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ Xiaomi 12S Ultra ဖုန်းကို တရုတ်ယွမ်ငွေ ၅,၉၉၉ ကျနေစတင်ရောင်းချနေပြီး $900 ဝန်းကျင်ရှိနေတာကြောင့် Xiaomi ဟာ ကျန်တဲ့ $400 ဝန်းကျင်ကို ကြော်ငြာစရိတ်၊ Warranty Service ပိုင်း၊ အမြတ်ငွေနဲ့ အထွေထွေကုန်ကျစရိတ်တွေအတွက် ကွာဟချက်ထားထားတယ်လို့ ယူဆရပါတယ်။ ဥပမာအားဖြင့် Apple ကနေ $999 နဲ့ ရောင်းချနေတဲ့ iPhone 13 Pro ဟာလည်း ထုတ်လုပ်မှုစရိတ်ဟာ $570 ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

Ref – GSM Arena