Xiaomi ဟာ ယခုနှစ်ကုန်ပိုင်းမှာ Xiaomi 14 Series ဖုန်းတွေကို မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သတင်းထွက်ရှိထားပါတယ်။ ဒါက လာမယ့်အောက်တိုဘာလကုန်ပိုင်းမှာ Qualcomm ကနေ Snapdragon 8 Gen 3 Chipset ကို မိတ်ဆက်ဖို့ရှိနေတာကြောင့် အဆိုပါ Chipset အသစ်ကို အစောဆုံးအသုံးပြုလာမယ့် ဖုန်းတွေဖြစ်လာမှာပါ။

ဒါပေမယ့် အခုလက်ရှိထွက်ရှိထားတဲ့သတင်းတွေအရ Xiaomi 14 Series ဟာ ယခုနှစ်အစောပိုင်းက မိတ်ဆက်ခဲ့တဲ့ Xiaomi 13 Series နဲ့ နှိုင်းယှဥ်ရင် ပြောင်းလဲမှုတွေလည်း နည်းပါးမယ်လို့ သိရပါတယ်။ အထူးသဖြင့် ဒီဇိုင်းပိုင်းမှာ Xiaomi 14 Series ဖုန်းဟာ Xiaomi 13 Series ရဲ့ ပုံစံနဲ့ တော်တော်များများဆင်တူမှာဖြစ်ပါတယ်။

အခုလည်း တရုတ်နိုင်ငံတွင်း နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Xiaomi 14 Series ဖုန်းတွေရဲ့ ကင်မရာပိုင်းကို ထပ်မံပြောကြားလိုက်ပါတယ်။ ဒါကတော့ Xiaomi 14 Series ဖုန်းတွေဟာ ကင်မရာပိုင်းမှာလည်း Xiaomi 13 Series တုန်းကလိုမျိုးပဲ 1-inch Sensor အမျိုးအစားကိုပဲ ဆက်လက်အသုံးပြုလာမှာဖြစ်ပါတယ်။

Xiaomi ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက Xiaomi 12S Ultra ဖုန်းနဲ့အတူ 1-inch Sony IMX989 Sensor ကို အသုံးပြုထားပြီး အခုအချိန်အထိ ဆက်လက်အသုံးပြုနေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Xiaomi ကနေ အရွယ်အစားပိုမိုကြီးမားတဲ့ 1.33-inch Sensor ကိုလည်း အသုံးပြုနိုင်ဖို့အတွက် စတင်ပြီး စမ်းသပ်နေပြီလို့ သိရပါတယ်။

ဒါကြောင့် ဖြစ်နိုင်တာက ယခုနှစ်ကုန်ပိုင်းမှာ Xiaomi 14 နဲ့ Xiaomi 14 Pro ဖုန်းတွေကို 1-inch Sensor Main Camera ပဲ ထည့်သွင်းပေးထားပြီး လာမယ့်နှစ်ကြမှ Xiaomi 14 Ultra ဖုန်းကို 1.33-inch Camera Sensor ကို စတင်ထည့်သွင်းလာနိုင်ပါတယ်။

Ref – Gizmo China