Xiaomi က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ SU7 လျှပ်စစ်ကားကို ကြေညာခဲ့ပါတယ်။ ကုမ္ပဏီက ကားရဲ့ လုပ်ဆောင်ချက်တွေနဲ့ Specs တွေကို ပြောကြားခဲ့ပေမယ့် ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို မပြောခဲ့ပါဘူး။

အခုတော့ Xiaomi က မတ်လ ၂၈ ရက်နေ့ တရုတ်မှာ SU7 ကို ရောင်းမယ်လို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက ဝီဘိုကနေ ကြေညာလိုက်တာ ဖြစ်ပြီး စိတ်ဝင်စားသူတွေဟာ မတ်လ ၂၅ ရက်နေ့မှာ ကားကို စမ်းသပ်နိုင်မယ့် အခွင့်အရေး ရှိတယ်လို့ ပြောပါတယ်။ တရုတ်မှာ ကားကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မြို့တော် ၂၉ ခုမှ စတိုး ၅၉ ခုမှာ မှာယူနိုင်ပါတယ်။

Xiaomi SU7 ဟာ Sporty Design ဖြစ်ပြီး SU7 နဲ့ SU7 Max Version ၂ မျိုး ထုတ်လုပ်ထားပါတယ်။ Max ဟာ နာမည်အတိုင်း စွမ်းရည် အမြင့်ဆုံး ဖြစ်ပြီး မော်တာ ၂ လုံး တပ်ဆင်ထားကာ All-wheel-drive System ဖြစ်ပါတယ်။ ၂.၇၈ စက္ကန့်အတွင်း ကားကို တစ်နာရီ ၀ ကနေ ၁၀၀ ကီလိုမီတာ အထိ အရှိန်မြှင့်နိုင်ပြီး အမြန်ဆုံးနှုန်းက တစ်နာရီ ၂၆၅ ကီလိုမီတာ ဖြစ်ပါတယ်။

ရိုးရိုးမော်ဒယ်ဟာလည်း သူ့ အနေအထားနဲ့သူ စွမ်းရည်မြင့်မားပါတယ်။ မော်တာ ၁ လုံး တပ်ဆင်ထားပြီး Rear-wheel-drive System ဖြစ်ပါတယ်။ ၅.၂၈ စက္ကန့်အတွင်း တစ်နာရီကို ၀ ကနေ ၁၀၀ ကီလိုမီတာအထိ အရှိန်မြှင့်တင်နိုင်ပါတယ်။

ကားမှာ Snapdragon 8295 Chip ထည့်သွင်းထားပြီး 16.1” 3K Main Screen တပ်ဆင်ထားကာ CarPlay နဲ့ AirPlay ထောက်ပံ့ပါတယ်။ HyperOS ကြောင့် ကားနဲ့ Xiaomi Home IoT Device တွေဟာ ချိတ်ဆက်အလုပ်လုပ်နိုင်ပါတယ်။

Ref : gizmochina