Xiaomi ဟာ Ultra ဖုန်း နှစ်မျိုးကို ကြေညာခဲ့ပြီးတဲ့နောက် တစ်ဆက်တည်းဆိုသလို ဖောက်ထွင်းမြင်နိုင်တဲ့ Transparent TV တွေအကြောင်းလည်း ထုတ်ဖော်ပြောဆိုသွားပါသေးတယ်။ Mi TV LUX OLED Transparent Edition တွေဟာ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် အမြောက်အများထုတ်လုပ်ရောင်းချတဲ့ Transparent TV လည်း ဖြစ်လာပါလိမ့်မယ်။


Xiaomi ရဲ့ ဒီတီဗီတွေဟာ Transparent OLED panel တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။ 55-inch အရွယ်အစားမျက်နှာပြင်ဟာ 120Hz refreshing  နဲ့ဖြစ်ပြီး 10 bit color နဲ့ 93% coverage DCI-P3 ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် 1ms pixel response time လည်း ဖြစ်တယ်လို့ ကုမ္ပဏီကပြောပါသေးတယ်။

Mi TV LUX OLED Transparent Edition မှာ MediaTek 9650 chipset အသုံးပြုထားပြီး Xiaomi ရဲ့ AI Master Smart Engine processing ဟာ အဓိကအပိုင်းငါးခုမှာ Algorithms ၂၀ ကျော်နဲ့ စီစဉ်ဆောင်ရွက်နိုင်တယ်လို့လည်း သိရပါတယ်။ AI Master for Audio ဟာ ဖွင့်ထားတဲ့ အကြောင်းအရာအမျိုးအစားပေါ်မူတည်ပြီး အသံစနစ်ကို အလိုအလျောက် ရွေးချယ်ပေးတယ်လို့ ဆိုပါတယ်။


ဒီဇိုင်းအားဖြင့်တော့ 5.7mm ထူထဲပြီး နံရံမှာကပ်ပြီးတပ်ဆင်ထားဖို့ နည်းလမ်းကောင်းတော့ မဟုတ်ပါဘူး။ MIUI ပုံစံဒီဇိုင်းဆိုပေမယ့် Transparent မျက်နှာပြင်ရဲ့ အားသာချက်ကို ရယူနိုင်ဖို့ အနည်းငယ်ပြုပြင်ထားတယ်လို့ သိရပါတယ်။ တီဗီကိုအသုံးမပြုချိန်မှာလည်း Always-On display mode ကိုအသုံးပြုနိုင်ပါသေးတယ်။

Transparent TV တွေကို Xiaomi က စပြီးတော့ တီထွင်ထုတ်လုပ်တာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းက LG ကလည်း ပြသခဲ့ဖူးပါတယ်။ ဒါပေမယ့် တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးက စီးပွားဖြစ်အမြောက်အများထုတ်လုပ်မှုကို မပြုလုပ်သေးဘဲ Xiaomi ကပဲ ဈေးကွက်ထဲကို အရင်ဆုံး ဖြန့်ချိလာတာ ဖြစ်ပါတယ်။ Xiaomi ကတော့ သူတို့ရဲ့ Mi TV LUX OLED Transparent Edition ကို $7200 (၉၈ သိန်းခွဲဝန်းကျင်) ဈေးနှုန်းသတ်မှတ်ပေးထားပါတယ်။

Ref: GSM Arena