Xiaomi က Mi True Wireless (TWS) Earphones 2 ကို ကြေညာလိုက်ပြီး စက်တင်ဘာလက တရုတ်မှာ ကြေညာခဲ့တဲ့ Mi AirDots Pro 2 ရဲ့ နိုင်ငံတကာ မော်ဒယ် ဖြစ်ပါတယ်။ Mi TWS 2 မှာ 14.2mm Drivers , Bluetooth 5.0 နဲ့ Noise Cancellation အတွက် Dual Microphones တွေ ထည့်ထားပါတယ်။ MIUI ဖုန်းတွေနဲ့ မြန်မြန်ချိတ်ဆက်နိုင်မယ့် လုပ်ဆောင်ချက်နဲ့ နားကြပ်ကို နားကနေချွတ်လိုက်တာနဲ့ သီချင်းကို ရပ်ပေးမယ့် လုပ်ဆောင်ချက်တွေ ပါပါတယ်။

နားကြပ်မှာ သီချင်း၊ Call နဲ့ Voice Assistant တွေကို ထိန်းချုပ်ဖို့ Gesture Controls တွေ ထောက်ပံ့ထားပြီး ဘက်ထရီသက်တမ်းက ၄ နာရီ ဖြစ်ပါတယ်။ USB-C Charging Case ပါလာပြီး အပို ဘက်ထရီကနေ နောက်ထပ် ၁၄ နာရီ သီချင်းနားထောင်နိုင်ပါတယ်။ အဖြူရောင် ထုတ်လုပ်ထားပြီး ၈၀ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်း ၂ သောင်းလောက်ရှိပြီး ဥရောပမှာ ဧပြီလ ၂၅ ရက်နေ့ ရောင်းမှာပါ။

Xiaomi က AX3600 WiFi 6 Router ကိုလည်း ကြေညာလိုက်ပြီး Bands များစွာကနေ 2,976 Mbps Speed ကို ထောက်ပံ့ပါတယ်။ Qualcomm 6-core Processor မောင်းနှင်ထားပြီး သီးခြား အန်တင်နာ ၇ ခု တပ်ဆင်ထားပါတယ်။ External Power Amplifiers ၆ ခုနဲ့ AIoT Device တွေအတွက် ၁ ခု ဖြစ်ပြီး Devices ၂၄၈ ခုကို ချိတ်ဆက်နိုင်ပါတယ်။ ၁၂၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၈ သောင်းလောက် ရှိပါတယ်။ ဇူလိုင်လ ၁၅ ရက်နေ့မှာ ရောင်းမှာပါ။

Xiaomi က ၆၅ လက်မ Mi TV 4S ကိုလည်း ဥရောပမှာ ရောင်းပေးလိုက်ပါတယ်။ ၆၅ လက်မ LED 4K Panel တပ်ဆင်ထားပြီး HDR10+ နဲ့ MEMC နည်းပညာတွေ ထောက်ပံ့ပါတယ်။ အလူမီနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Dolby Audio နဲ့ DTS-HD ထောက်ပံ့တဲ့ 10W စပီကာ ၂ လုံး ထည့်ထားပါတယ်။ 16GB Storage, 2GB RAM ပါလာပြီး Android 9 Pie မောင်းနှင်ထားပါတယ်။

Bluetooth Low Energy , Dual-band WiFi ပါလာပြီး HDMI Port ၃ ခု၊ USB Port ၃ ခု ၊ AV Out နဲ့ Ethernet Port ၁ ခု တပ်ဆင်ထားပါတယ်။ Chromecast ထောက်ပံ့ထားပြီး ဇွန်လ ၁၅ ရက်နေ့မှာ ၅၅၀ ယူရိုနဲ့ ရောင်းမှာပါ။ မြန်မာငွေ ၈ သိန်း ၆ သောင်းလောက် ကျသင့်မှာပါ။

Ref : gsmarena