Xiaomi ရဲ့လက်အောက်က ကုမ္ပဏီတစ်ခုဖြစ်တဲ့ Black Shark ဟာ လာမယ့်အပတ်ထဲမှာ Black Shark 3 ဖုန်းသစ်အား မိတ်ဆက်သွားမှာဖြစ်ပြီး နီးကပ်လာတာနဲ့အမျှ အချက်အလက်တွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

ယနေ့မှာတော့ Xiaomi ရဲ့ အမှုဆောင်အရာရှိချုပ် Lei Jun ဟာ Black Shark 3 စီးရီးမှာ အနည်းဆုံး ရိုးရိုးနဲ့ Pro ဆိုတဲ့ ဗားရှင်းနှစ်မျိုး ပါလာမယ် ဆိုတာကို အတည်ပြုပေးခဲ့သလို သူတို့ရဲ့ ဘက္ထရီပမာဏတွေကိုလည်း ဖော်ပြလာခဲ့ပါတယ်။ သူ့ရဲ့ပိုစ့်မှာ Black Shark 3 Pro အမည်ကို တမင်ထည့်သွင်းထားခဲ့ပြီး Pro ဗားရှင်းမှာ 5,000 mAh ဘက္ထရီပါဝင်ကာ ရိုးရိုးမော်ဒယ်မှာတော့ 4,720 mAh ပမာဏသာ ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။

Black Shark 3 ဗားရှင်းနှစ်မျိုးလုံးဟာ 65W ထိ မြန်ဆန်တဲ့ အားသွင်းစနစ်တွေ ပါဝင်မှာပြီး Lei Jun ပြောထားပုံအရ ဘက္ထရီအား 60% ပြည့်ဖို့ ၁၅ မိနစ်သာ ကြာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘက္ထရီတည်ဆောက်ပုံဟာ Cell နှစ်ခု တည်ဆောက်ပုံနဲ့ တပ်ဆင်ထားမယ်လို့လည်း သိခွင့်ရထားပါတယ်။

Black Shark 3 ဟာလည်း သူ့ရဲ့ပိုစ့်ထဲမှာ Tease လုပ်လာပြီး ပုံမှန်အားသွင်းပေါက်တွေအစား ဂိမ်းဆော့နေရင်း အားသွင်းရင် လက်ကို ကြိုးမရှုပ်စေအောင် နောက်ကျောဘက်ကနေ အားသွင်းနိုင်မယ့် Magnetic Charging Port အသစ်ကို အသားပေးဖော်ပြလာပါတယ်။ ပုံမှန်အချိန်မှာ အားသွင်းဖို့ကိုတော့ Fast Charging ပါဝင်တဲ့ Type-C Port ပုံမှန်နေရာမှာပဲ ထည့်သွင်းပေးထားမှာပါ။

ဒီဖုန်းအသစ်နှစ်မျိုးလုံးမှာ 3.5mm Headphone Jack ပါဝင်မှာဖြစ်ပါတယ်။ မကြာသေးခင်က Black Shark 3 ဖုန်းတွေမှာ 120Hz Refresh Rate နဲ့မျက်နှာပြင်၊ Snapdragon 865 ချစ်ပ်ဆက်နဲ့ အမြင့်ဆုံး 16GB RAM ထိ ပါဝင်မယ် ဆိုတာကိုလည်း အတည်ပြုထားပါတယ်။ Pro ဗားရှင်းမှာ ရိုးရိုးမော်ဒယ်ထက် ဘာပိုထူးမလဲ ဆိုတာကို မတ်လ ၃ ရက်နေ့ မိတ်ဆက်ပွဲမှာ သိရမှာပါ။

Ref – GSM Arena