ပြီးခဲ့တဲ့ရက်ကပဲ အမေရိကန်အစိုးရက Xiaomi ဟာ တရုတ်ကွန်မြူနစ် စစ်တပ်နဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီ ဖြစ်တယ်လို့ သတ်မှတ်လိုက်ပြီး ကုမ္ပဏီကို နာမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ အမေရိကန်ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို Xiaomi နဲ့ ဆက်စပ်လုပ်ကိုင်ဖို့ တားမြစ်တော့မယ်လို့ သက်ရောက်ပါတယ်။

ထရမ့်အစိုးရလက်ထက်မှာ တရုတ်ဧရာမကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei ဟာ အမေရိကန်ရဲ့ စွပ်စွဲမှုနဲ့ပိတ်ပင်မှုကိုကြုံတွေ့ခဲ့ရပြီးတဲ့နောက် ကြီးမားတဲ့အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် Xiaomi ကို သတ်မှတ်တဲ့ အမည်ပျက်စာရင်းကတော့ Huawei နဲ့မတူဘူးလို့ ဆိုပါတယ်။ Huawei ကိုချမှတ်တဲ့ ပိတ်ပင်မှုတွေကတော့ အမေရိကန်နည်းပညာအသုံးပြုကုမ္ပဏီတွေနဲ့ အမေရိကန်ကုမ္ပဏီတွေအတွက် ပိုပြီးရှုပ်ထွေးတဲ့ တားမြစ်ချက်ပိတ်ပင်ချက်တွေနဲ့ ဖြစ်ပါတယ်။

Xiaomi ကတော့ အမေရိကန်ရဲ့ စွပ်စွဲချက်ဟာ မဟုတ်မှန်ကြောင်း၊ သူတို့ကုမ္ပဏီအနေနဲ့ ဥပဒေနဲ့အညီလုပ်ဆောင်နေပြီး သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ငန်းလည်ပတ်နေတယ်လို့ ပြန်လည်ချေပထုတ်ပြန်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို အရပ်ဘက်နဲ့ စီးပွားရေးအသုံးပြုမှုတွေအတွက်ပဲ ထောက်ပံ့ပေးတယ်လို့လည်း ထပ်လောင်းပြောဆိုသွားပါသေးတယ်။

ဒါ့အပြင် ကုမ္ပဏီကို တရုတ်စစ်တပ်က ပိုင်ဆိုင်မှုမရှိကြောင်း၊ ထိန်းချုပ်ထားတာ၊ ဒါမှမဟုတ် ဆက်နွယ်မှုရှိတာမျိုးလည်း မဟုတ်ကြောင်း ငြင်းဆိုသွားပါတယ်။ NDAA က အဓိပ္ပါယ်ဖွင့်ဆိုလိုက်တဲ့ “တရုတ်ကွန်မြူနစ် စစ်တပ်ပိုင်ကုမ္ပဏီ” မဟုတ်ကြောင်းလည်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့အကျိုးစီးပွားနဲ့၊ ရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့အတွက် သင့်လျော်တဲ့အရေးယူဆောင်ရွက်မှုတွေလည်း ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Xiaomi အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေနဲ့ ဆုံးဖြတ်ချက်တွေကိုလည်း အခါအားလျော်စွာ ကြေညာချက်တွေထပ်မံထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ထရမ့်အစိုးရကနေ၊ ဘိုင်ဒင်အစိုးရအဖြစ် အကူးအပြောင်းကာလဖြစ်နေတာကြောင့် အစိုးရသစ်ရဲ့ ရှေ့ဆက်ဆောင်ရွက်ချက်တွေဟာ ဘာဖြစ်လာမယ်ဆိုတာကို ကြိုတင်ခန့်မှန်းလို့မရသေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

Ref: GSM Arena