Xiaomi ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Mi Mix 3 ကို ရပ်ဆိုင်းလိုက်ပြီလို့ ဆိုရမှာပါ။ ဒါ့အပြင် Mi Mix 3 ဟာ တရုတ်နည်းပညာကုမ္ပဏီကြီးရဲ့ နောက်ဆုံးသော Mi Mix စီးရီးဖုန်းလို့ ဆိုရတော့မှာပါ။ ဒီလိုပြောဖို့အတွက်လည်း အကြောင်းအချက် အတော်များများရှိနေပါတယ်။

မတ်လပထမပတ်တုန်းကပဲ Xiaomi ဟာ Mi Mix 3 အတွက် Global Stable Android 10 Update တွေ ထုတ်ပေးခဲ့ပါသေးတယ်။ Xiaomi Mi MIX 3 5G ကတော့ တရားဝင်ဝက်ဘ်ဆိုက်မှာ မြင်တွေ့နေရသေးတာကြောင့် ဆက်လက်ပြီးရောင်းချနေဦးမယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိမျိုးဆက်ဖြစ်တဲ့ Mi Mix Alpha ကလည်း Prototype သာဖြစ်ပြီး ရောင်းချဖို့ အဆင်သင့် မဖြစ်သေးပါဘူး။

Xiaomi ဟာ Mi Mix 3 ကို ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာပေါ်က အရောင်းစာရင်းမှာ ပယ်ဖျက်ခဲ့တာကို တွေ့ရပါတယ်။ ဒီအဓိပ္ပါယ်က ကုမ္ပဏီအနေနဲ့ Mi Mix 3 ကို ဆက်လက်ရောင်းချတော့မှာမဟုတ်ဘူးလို့ ဆိုလိုက်တာပါပဲ။ တနည်းပြောရရင်တော့ ရပ်ဆိုင်းလိုက်တာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၈ အောက်တိုဘာတုန်းက ဖြန့်ချိခဲ့တဲ့ Mi Mix 3 ဟာ Qualcomm Snapdragon 845 Processor အသုံးပြုထားတာ ဖြစ်ပါတယ်။ 10GB of RAM နဲ့ 256 UFS 2.1 storage လည်း ရရှိပါတယ်။ Manual slider mechanism ကို သုံးထားပြီး 6.30-inch မျက်နှာပြင်ပြည့် အမျိုးအစားလည်း ဖြစ်ပါတယ်။

Selfie ကင်မရာတွေအဖြစ် 24MP + 2MP dual camera တွေ တပ်ဆင်ပေးထားပြီး၊ ကျောဘက်မှာတော့ 12MP + 12MP telephoto ကင်မရာတွေကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ဘက်ထရီပမာဏက 3,200mAh ဖြစ်ပြီး 18W အမြန်အားသွင်းစနစ်ထောက်ပံ့ပေးထားသလို 10W ကြိုးမဲ့အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။

Ref: Gizmochina