Xiaomi ဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံရဲ့ Smart TV စျေးကွက်ကို ဦးဆောင်ထားနိုင်ပြီလို့တောင် ပြောနိုင်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တခြားသောနိုင်ငံတွေမှာလည်း Xiaomi ကထုတ်လုပ်ထားတဲ့ Mi TV နဲ့ Redmi TV တွေက တဖြည်းဖြည်းနာမည်ရရှိလာပြီဖြစ်ပါတယ်။

အခုရရှိထားတဲ့သတင်းတစ်ခုအရ Xiaomi ဟာ ယခုနှစ်အတွင်းမှာ Smart TV ပေါင်း အလုံးရေ ၁၄ သန်းကျော်အထိ တင်ပို့ရောင်းချနိုင်ဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။ အဆိုပါသတင်းဟာ တရုတ်နိုင်ငံအတွင်းမှာ ဖော်ပြခဲ့တာဖြစ်ပြီး လက်ရှိရောင်းချနေတဲ့ Mi TV တွေအပါအဝင် Redmi Brand အောက်ကထုတ်လုပ်နေတဲ့ Smart TV တွေပါ ပါဝင်မယ်လို့ ယူဆရပါတယ်။

တကယ်လို့သာ Xiaomi ဟာ ယခုနှစ်အတွင်းမှာ Smart TV အလုံးရေ ၁၄ သန်းအထိ ရောင်းချနိုင်ခဲ့ရင် မနှစ်တုန်းကထက် အလုံးရေ ၁ သန်းပိုပြီး ရောင်းချနိုင်မှာဖြစ်ပါတယ်။ အစောပိုင်းတုန်းက Xiaomi ကနေ ယခုနှစ်မှာ အလုံးရေ ၁၆ သန်းရောင်းချရဖို့ ရည်ရွယ်ထားပေမယ့် COVID-19 ဗိုင်းရပ်စ်ကြောင့် အခုလိုမျိုး ရောင်းအားက ခန့်မှန်းထားတာထက် ကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။

Xiaomi ဟာ ပြီးခဲ့တဲ့နှစ်တုန်းက တရုတ်နိုင်ငံအတွင်းမှာ Smart TV အလုံးရေ ၁၀.၄၆ သန်းခန့် ရောင်းချရခဲ့ပြီး တရုတ်နိုင်ငံ Smart TV စျေးကွက်မှာ ပထမဆုံးအနေနဲ့ တစ်နှစ်အတွင်း အလုံးရေ ၁၀ သန်းကျော်ရောင်းချရတဲ့ ကုမ္ပဏီအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ ကြည့်ရတာ ယခုနှစ်မှာလည်း တရုတ်နိုင်ငံတွင်းမှာ Smart TV အလုံးရေ ၁၀ သန်းကျော်ကတော့ အလွယ်တကူရောင်းချနိုင်ဦးမယ့်ပုံစံပါပဲ။

အခုလိုမျိုး Xiaomi က Smart TV ပိုင်းမှာ အောင်မြင်မှုကို ထိန်းထားနိုင်ပေမယ့်လည်း လက်ရှိအချိန်မှာ Skyworth ၊ TCL လိုမျိုး Electronic ကုမ္ပဏီတွေအပြင် realme ၊ OnePlus နဲ့ OPPO တို့ကလည်း Smart TV စျေးကွက်ကို စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာတော့ Smart TV စျေးကွက်က ယခုထက်ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာဖွယ်ရှိနေပါတယ်။

Ref – Gizmo China