Xiaomi ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တရုတ်နိုင်ငံတွင်းမှာ Xiaomi SU7 လျှပ်စစ်ကားကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Xiaomi SU7 လျှပ်စစ်ကားဟာ စမတ်ဖုန်းကုမ္ပဏီနာမည်ဖြင့် ပထမဆုံးထုတ်ပြလိုက်တဲ့ လျှပ်စစ်ကားလည်းဖြစ်ပြီး စျေးနှုန်းအရရော၊ စွမ်းဆောင်ရည်ပိုင်းအရပါ အလွန်ကောင်းမွန်တယ်ဆိုပြီး သုံးသပ်နေမှုတွေရရှိထားပါတယ်။

ဒါပေမယ့် Xiaomi SU7 လျှပ်စစ်ကားဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံတွင်းမှာပဲ ရောင်းချနေပြီး Xiaomi ဘက်ကနေ တခြားနိုင်ငံတွေမှာ ရောင်းချဖို့ရှိမလားဆိုတဲ့ မေးခွန်းကိုပါ တရားဝင် ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ Xiaomi SU7 လျှပ်စစ်ကားကို ဝယ်ယူချင်တယ်ဆိုရင် တရုတ်ပြည်တွင်းမှာရှိတဲ့ Xiaomi Store တွေမှာပဲ ဝယ်ယူနိုင်ဦးမှာဖြစ်ပါတယ်။

Xiaomi SU7 ဟာ ထူးခြားချက်အနေနဲ့ ကားအတွင်းမှာ အသုံးပြုထားတဲ့ Infotainment System ဟာ တခြားသာမန်ကားတွေနဲ့ ကွဲထွက်နေပြီး Android Auto (သို့) Apple CarPlay အစား CarLink ကို အသုံးပြုပြီး ဖုန်း Screen ကို ကားအတွင်း Screen ပေါ်သို့ ပို့ဆောင်ပြီး လွယ်ကူစွာအသုံးပြုစေနိုင်မှာပါ။

ဒါ့အပြင် Apple Device တွေနဲ့ပါ အလွယ်တကူအသုံးပြုနိုင်ပြီး နောက်ဖက်ထိုင်ခုံမှာ iPad တင်ဖို့အထူးသီးသန့် Expansion Bracket ပါဝင်တဲ့အပြင် “Xiaomi Auto Expansion Screen” App ကို ထည့်သွင်းပြီး ကားအတွင်းက Settings တွေ၊ အပူချိန်တွေကိုလည်း ချိန်ညှိနိုင်မယ်လို့ သိရပါတယ်။

Xiaomi SU7 ဟာ အမျိုးအစား (၃) မျိုး မိတ်ဆက်ထားပြီး အနိမ့်ဆုံး စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၂၁၅,၉၀၀ (မြန်မာငွေ သိန်း ၁,၁၀၀ ဝန်းကျင်) ကနေ စတင်ရောင်းချမှာဖြစ်ပါတယ်။ တစ်ကြိမ်အားသွင်းထားလျှင် ကီလိုမီတာ ၈၀၀ အထိ မောင်းနှင်နိုင်သလို ၁၅ မိနစ်အတွင်း ကီလိုမီတာ ၅၀၀ ခန့်မောင်းနှင်နိုင်အောင်လည်း အမြန်အားသွင်းပေးနိုင်ဦးမှာပါ။

Ref – Gizmo China