ဒီနေ့ခေတ် စမတ်ဖုန်းတွေမှာ RAM ပမာဏတွေ ပိုများလာကြပြီ ဖြစ်ပြီး ဖုန်းတော်တော်များများမှာ အနည်းဆုံး 8GB RAM ထည့်ပေးထားတာ စံနှုန်း ၁ ခုလို ဖြစ်နေပါပြီ။ ဂိမ်း ကစားသူတွေအတွက် 16GB RAM အထိ ပါတဲ့ Gaming စမတ်ဖုန်းတွေကို ထုတ်လုပ်ပေးထားကြပါတယ်။ အခုတော့ Xiaomi က စမတ်ဖုန်းတွေအတွက် RAMDISK နည်းပညာကို မိတ်ဆက်လိုက်ပါတယ်။ ဒီနည်းပညာက RAM ကို Disk Storage လို သုံးနိုင်ပြီး App နဲ့ Game တွေရဲ့ စွမ်းဆောင်ရည်ကို အများကြီး မြှင့်တင်ပေးနိုင်ပါတယ်။

ဒီနည်းပညာဟာ ကွန်ပြူတာ သုံးသူတွေအတွက် မစိမ်းပေမယ့် စမတ်ဖုန်းတွေအတွက်တော့ ဒါ ပထမဆုံးပါ။ Mi 10 Ultra မှာ RAMDISK Trial Mode နဲ့ဆိုရင် 16GB LPDDR5 RAM ကို အသုံးချနိုင်ပါပြီ။ ဒီနည်းပညာဟာ RAM ပမာဏ တစ်စိတ်တစ်ပိုင်းကို Virtual Storage အဖြစ် အသုံးပြုတာပါ။ စမတ်ဖုန်းတွေမှာ သုံးထားတဲ့ Storage နည်းပညာထက် RAM က ပိုမြန်တာဟာ ဒီနည်းပညာရဲ့ အားသာချက်ပါ။ ဥပမာပြရရင် Xiaomi Mi 10 Ultra မှာ LPDDR5 RAM နဲ့ UFS 3.1 Storage သုံးထားပါတယ်။ RAM ရဲ့ အမြန်နှုန်းက 44GB/s ရှိပြီး UFS 3.1 ရဲ့ Read/Write အမြန်နှုန်းဟာ 1700+MB/s နဲ့ 750+MB/s အသီးသီး ရှိပါတယ်။

Mi 10 Ultra မှာ RAMDISK Trial Mode ကို သုံးချင်ရင် Game Center ထဲက Speed Installation ကို သွားပြီး Game Trial Mode ကို Install လုပ်ရမှာပါ။ QQ Speed , Glory of the King နဲ့ Peace Elite အပါအဝင် နာမည်ကြီး ဂိမ်း ၁၀ ခုကျော်ကိုပဲ လက်ရှိမှာ ထောက်ပံ့ပေးထားပါတယ်။ မကြိုက်တဲ့ ဂိမ်းတွေကို လွယ်လွယ်ကူကူပဲ ဖျက်နိုင်ပါတယ်။

၁ ခုမှတ်ထားရမှာက ဖုန်းကို Restart လုပ်တဲ့အခါမှာ RAMDISK Mode ကနေ Install လုပ်ထားတဲ့ ဂိမ်းတွေဟာ RAM မှာ သိမ်းထားတဲ့အတွက် အလိုလို ပျက်သွားမှာပါ။ ဒါပေမယ့် Xiaomi ဟာ RAM မှာ Install လုပ်ထားတဲ့ ဂိမ်းကို Flash Memory ကို ပြောင်းနိုင်တဲ့ ရွေးချယ်မှုကိုလည်း ပံ့ပိုးပေးထားပါတယ်။ နောက်ပိုင်းမှာ Xiaomi ရဲ့ ဖုန်းတွေမှာ ဂိမ်းကစားရင် ပိုပြီး ဖလန်းဖလန်းထလာမှာပါ။

Ref : gizmochina