Xiaomi အနေနဲ့ အချိန်တိုအတွင်း အောင်မြင်တဲ့အမှတ်တံဆိပ်ဖြစ်အောင်လို့ Price to Performance စမတ်ဖုန်းတွေနဲ့ ဝင်တိုးခဲ့ရတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ နာမည်ရလာပြီးနောက်ပိုင်းနှစ်တွေမှာလည်း Xiaomi ဟာ သုံးစွဲသူအကြိုက်နဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ပိုပြီးအာရုံစိုက်လာတာကိုလည်း တွေ့မြင်ရပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ကုမ္ပဏီရဲ့ စုစုပေါင်းဝင်ငွေဟာ ယွမ်ဘီလီယံ ၂၀၀ ကျော် (အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံကျော်) ရှိခဲ့ပါတယ်။ ဒီလိုဝင်ငွေပမာဏရဖို့အတွက် Xiaomi ဟာ ရင်းနှီးမြှုပ်နှံမှုတွေမှာလည်း လက်မနှေးခဲ့ဘူးဆိုတာကို တွေ့မြင်ရပါတယ်။ အဲဒါကတော့ သုံးစွဲသူတွေရဲ့ အကြိုက်၊ လိုအပ်ချက်၊ အမူအကျင့် စတာတွေကို သိရှိအောင်၊ တီထွင်ဆန်းသစ်နိုင်အောင်ကြိုးစားရာမှာ မရှိမဖြစ်လိုအပ်တဲ့ R&D ပဲ ဖြစ်ပါတယ်။

Xiaomi သူတို့ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် သုံးစွဲခဲ့တဲ့ငွေပမာဏကို ထုတ်ဖော်ပြောဆိုတော့ အထင်ကြီးစရာ ကိန်းဂဏန်းတွေအဖြစ် သိမြင်ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ တစ်နှစ်တည်းမှာတင် ယွမ်ငွေ ၇ ဘီလီယံ ဝန်းကျင်(အမေရိကန်ဒေါ်လာ ၁ ဘီလီယံဝန်းကျင်) သုံးစွဲခဲ့တာပါ။

Xiaomi ဟာ နည်းပညာနယ်ပယ်မှာ ဆက်ပြီးမြှုပ်နှံမှာဖြစ်တယ်လို့ ကြေညာထားတာကြောင့် ဒီနှစ် တစ်နှစ်လုံးအတွက်ဆိုရင်တော့ ယွမ်ငွေ ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄၃ ဘီလီယံကျော်) လောက် သုံးစွဲနိုင်ခြေရှိပါတယ်။ ဒါ့အပြင် 5G+ Alot ကို ဦးဆောင်ဖို့ အာရုံစိုက်နေတာကလည်း သွေဖယ်သွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

မြင်သာတဲ့ရလဒ်တစ်ခုကိုပြပါဆိုရင်တော့ မကြာသေးခင်ကမှ ကြေညာခဲ့တဲ့ Mi Mix Alpha ဟာ Xiaomi ရဲ့ R&D ရင်းနှီးမြှုပ်နှံမှုရလဒ်တစ်ခုလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ Concept ဖုန်း ဆိုပေမယ့် ထုတ်လုပ်မှုဖြစ်စဉ်ကို သွားဖို့အတွက် ဖြစ်စဉ်အနည်းငယ်ပဲ လိုတော့တယ်လို့ ယူဆရပါတယ်။ ကုမ္ပဏီဟာ Mi Mix Alpha ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက မိတ်ဆက်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း ဖြန့်ချိမယ့်အချိန်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

Ref: Gizmochina