Xiaomi ရဲ့ အနောက်ဥရောပဈေးကွက်ထဲ ဝင်ရောက်မှုဟာ အခုအချိန်အထိ လူလားမမြောက်သေးဘူးလို့ ဆိုကြပါတယ်။ Xiaomi အမှတ်တံဆိပ်ဟာ ၂၀၁၇ ခုနှစ်နိုဝင်ဘာတုန်းက စပိန်မှာ Event ပြုလုပ်ပြီး တရားဝင်စတင်မိတ်ဆက်ခဲ့တာပါ။

ဒါပေမယ့် Xiaomi ဟာ အနောက်ဥရောပဈေးကွက်ကို ဆွဲဆောင်နိုင်ခဲ့ပုံရပါတယ်။ ဒါကြောင့် ကုမ္ပဏီရဲ့ CFO က သူတို့အနေနဲ့ အနောက်ဥရောပဈေးကွက်မှာ ဆက်လက်ချဲ့ထွင်မယ့် ခြေလှမ်းတွေရှိနေကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သတင်းဖော်ပြချက်အရ Xiaomi ဟာ အနောက်ဥရောပဈေးကွက်ထဲမှာ စတုတ္ထမြောက် အကြီးဆုံးစမတ်ဖုန်းရောင်းချသူအဖြစ် ရပ်တည်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

Strategy Analytic ရဲ့ ဈေးကွက်လေ့လာစန်းဆစ်မှု အစီရင်ခံစာအရ Xiaomi ရဲ့ အနောက်ဥရောပဈေးကွက်တွင်း တိုးတက်မှုကို မြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် Samsung, Apple နဲ့ Huawei တို့ကတော့ Xiaomi ရဲ့ ရှေ့မှာ ရှိနှင့်နေကြတာကြောင့် တရုတ်အခြေစိုက်ကုမ္ပဏီအနေနဲ့ ဒီအမှတ်တံဆိပ် ၃ မျိုးကို ကျော်တက်နိုင်ဖို့ လွယ်ကူတဲ့အခြေအနေမှာတော့ ရှိမနေပါဘူး။

Xiaomi ရဲ့ တိုးတက်လာရခြင်းအကြောင်းရင်းဟာ ဒေသခံအော်ပရေတာတွေနဲ့ အဆက်မပြတ်ပူးပေါင်းလုပ်ဆောင်ခြင်းကလည်း အဓိကအချက်လို ဖြစ်ခဲ့ရပါတယ်။ အခြားအကြောင်းရင်းက Huawei ရဲ့ အကျပ်အတည်းကြောင့် ဈေးကွက်ဝေစုအချို့ကို တိုးပြီးရယူနိုင်ခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။

တစ်ဘက်မှာတော့ Xiaomi ရဲ့ စုစုပေါင်း ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းတင်ပို့ရောင်းချမှုဟာ ၂၀၂၀ ပထမသုံးလပတ်မှာ တိုးတက်မှုများများစားစားမရှိဘဲ ပျမ်းမျှအနေနဲ့သာ ရှိခဲ့ပါတယ်။ တိုးတက်မှုမရှိဘူးဆိုပေမယ့် စမတ်ဖုန်းဈေးကွက်တစ်ခုလုံးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ အခြေအနေမဆိုးဘူးလို့ ဆိုရမှာပါ။ Xiaomi ဟာ ကမ္ဘာလုံးဆိုင်ရာဈေးကွက်ဝေစုကို ၁၀% အထိ တိုးချဲ့ပြီး ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Ref: Gizmochina