Xiaomi ဟာ ဒီလကုန်လောက်မှာ ဖုန်းမော်ဒယ်အသစ်တွေ အများကြီး မိတ်ဆက်သွားမယ်လို့ သတင်းသဲ့သဲ့ ထွက်နေပါတယ်။ အဲဒီထဲမှာ 9,000 mAh ဘက်ထရီ ပါဝင်တယ်လို့ နာမည်ကြီးနေတဲ့ Redmi Turbo 5 Pro လည်း ပါဝင်လာဖွယ် ရှိပါတယ်။

ဒါပေမဲ့ Xiaomi က ဒီလောက်နဲ့ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ နောက်ဆုံးထွက်ပေါ်လာတဲ့ ကောလာဟလတွေအရ နောက်နှစ်ကျရင် 10,000 mAh ဘက်ထရီအထိ ပါဝင်မယ့် ဖုန်းတစ်လုံးကို ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။ ဒီဖုန်းမှာ 100W ကြိုးတပ် အားသွင်းစနစ် (Wired Charging) အပြင် အလွန်မြန်ဆန်တဲ့ ကြိုးမဲ့အားသွင်းစနစ် (Wireless Charging) လည်း ပါဝင်လာမှာပါ။

အံ့သြစရာအကောင်းဆုံး အချက်ကတော့ ဒီလောက်ကြီးမားတဲ့ 10,000 mAh ဘက်ထရီကြီး ထည့်ထားပေမယ့် ဖုန်းရဲ့ အထူက 8.5mm အောက်မှာပဲ ရှိနေမှာ ဖြစ်ပါတယ်။ ဒါဟာ တကယ့်ကို လက်ဖျားခါလောက်တဲ့ နည်းပညာ စွမ်းဆောင်ရည်ပါပဲ။ တခြားတစ်ဖက်မှာလည်း Honor က Win Series မှာ 10,000 mAh ဘက်ထရီနဲ့ 100W အားသွင်းစနစ်ပါတဲ့ ဖုန်းတစ်လုံး ထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါကြောင့် ဖုန်းအား ခဏခဏ ပြန်သွင်းစရာမလိုဘဲ ရက်အကြာကြီး သုံးလို့ရမယ့် ဖုန်းချစ်သူတွေရဲ့ အိမ်မက်တွေ တကယ်ဖြစ်လာတော့မှာပါ။
လောလောဆယ်မှာတော့ ဒီဖုန်းကို Xiaomi တံဆိပ်နဲ့ ထုတ်မလား၊ Redmi ဒါမှမဟုတ် Poco တံဆိပ်နဲ့ ထွက်လာမလား ဆိုတာတော့ မသေချာသေးပါဘူး။ သတင်းထူးတွေ ထပ်ရရင်လည်း ချက်ချင်း ပြန်လည် မျှဝေပေးသွားမှာပါ။
Ref: gsmarena