Xiaomi က သူရဲ့ 33W Power Bank 20000mAh (Integrated Cable) ကို တရုတ်နိုင်ငံမှာ ပထမဆုံး ပြန်လည်သိမ်းဆည်းကြောင်း ကြေညာခဲ့ပြီးနောက် အခုအခါမှာတော့ အဲဒီအစီအစဉ်ကို ကမ္ဘာ့ဈေးကွက်တွေအထိ တိုးချဲ့လိုက်ပါတယ်။ ဒီပြန်လည်သိမ်းဆည်းမှုက ၂၀၂၄ ခုနှစ် ဩဂုတ်လနဲ့ စက်တင်ဘာလအတွင်း ထုတ်လုပ်ခဲ့တဲ့ PB2030MI မော်ဒယ်တွေအတွက် အကျုံးဝင်ပါတယ်။
ပြန်လည်သိမ်းဆည်းရတဲ့ အကြောင်းရင်း
Xiaomi ရဲ့ အဆိုအရ အဲဒီ power bank အသုတ်အနည်းငယ်မှာ 126280 version 2.0 ဘက်ထရီဆဲလ်ကို သုံးစွဲခဲ့မိပြီး အဲဒီဘက်ထရီဆဲလ်က အခြေအနေတစ်ချို့မှာ အပူလွန်ကဲကာ မီးဘေးအန္တရာယ် ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဖြစ်ပွားခဲ့တဲ့ အရေအတွက်က နည်းပါးပေမယ့် ကုမ္ပဏီက ဘေးကင်းလုံခြုံမှု စံနှုန်းတွေကို ထိန်းသိမ်းဖို့အတွက် သက်ဆိုင်ရာ power bank တွေကို ပြန်လည်သိမ်းဆည်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အကျုံးဝင်တဲ့ power bank တွေနဲ့ စစ်ဆေးခြင်း
ဒီပြန်လည်သိမ်းဆည်းမှုမှာ ကမ္ဘာတစ်ဝန်းက power bank အလုံးရေ ၁၄၆,၈၉၁ လုံးနီးပါး ပါဝင်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ power bank ပါဝင်ခြင်း ရှိ၊ မရှိကို power bank ရဲ့ ကျောဘက်မှာ ရိုက်နှိပ်ထားတဲ့ serial number (SN) ကို စစ်ဆေးပြီး သိရှိနိုင်ပါတယ်။ Xiaomi က အဲဒီလိုစစ်ဆေးနိုင်ဖို့အတွက် online tool တစ်ခုကိုလည်း ထောက်ပံ့ပေးထားပါတယ်။ SN ကုဒ် ပျောက်ဆုံးနေတဲ့ ဒါမှမဟုတ် ပျက်စီးနေတဲ့ power bank တွေကတော့ ငွေပြန်အမ်းပေးမယ့် အစီအစဉ်မှာ အကျုံးဝင်မှာ မဟုတ်ပါဘူး။
ငွေပြန်အမ်းခြင်း လုပ်ငန်းစဥ်
အကျုံးဝင်တဲ့ power bank တွေကို ပိုင်ဆိုင်တဲ့ သုံးစွဲသူတွေအနေနဲ့ ယွမ် ၁၅၉ (ဒေါ်လာ ၂၂ ခန့်) ကို အပြည့်အဝ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစဥ်ကို နည်းလမ်းနှစ်မျိုးနဲ့ လုပ်ဆောင်နိုင်ပါတယ်-
ဆိုင်မှာ သွားရောက်ခြင်း – Xiaomi Home အရောင်းဆိုင်တစ်ခုခုကို သွားရောက်ပြီး ငွေပြန်အမ်းနိုင်ပါတယ်။ အဲဒီမှာ ဝန်ထမ်းတွေက ပစ္စည်းကို စစ်ဆေးပြီး ငွေပြန်အမ်းပေးမှာ ဖြစ်ပါတယ်။
အွန်လိုင်းကနေ လုပ်ဆောင်ခြင်း – power bank ကို ဘေးကင်းအောင် အားကုန်အောင် သုံးစွဲပြီးနောက် စနစ်တကျ စွန့်ပစ်ခဲ့ကြောင်း အထောက်အထားကို upload လုပ်ကာ တရားဝင်ဝက်ဘ်ဆိုက်ကနေတစ်ဆင့် ပစ္စည်းအချက်အလက်တွေကို တင်သွင်းရမှာ ဖြစ်ပါတယ်။
သက်ရောက်မှုမရှိတဲ့ တခြားထုတ်ကုန်တွေ
Xiaomi က သူတို့ရဲ့ တခြား power bank တွေအားလုံးမှာ မတူညီတဲ့ ဘက်ထရီဆဲလ်တွေကို သုံးစွဲထားတဲ့အတွက် ဆက်လက်အသုံးပြုဖို့ ဘေးကင်းတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်
Xiaomi က အဲဒီပြဿနာအတွက် တောင်းပန်ခဲ့ပြီး ဘေးကင်းပြီး ယုံကြည်စိတ်ချရတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ဖို့ ဆက်လက်ကတိပြုကြောင်း ပြောကြားခဲ့ပါတယ်။ ဒီပြန်လည်သိမ်းဆည်းမှုက ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို မဖြစ်ပွားခင် ရှောင်ရှားဖို့ ရည်ရွယ်ပြီး ကုမ္ပဏီရဲ့ သဘောဆန္ဒအလျောက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ ကုမ္ပဏီက အလေးပေး ပြောကြားခဲ့ပါတယ်။
PB2030MI မော်ဒယ်ကို ပိုင်ဆိုင်တဲ့ သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ ပစ္စည်းကို စစ်ဆေးသင့်ပြီး ပြန်လည်သိမ်းဆည်းမှုမှာ အကျုံးဝင်နေတယ်ဆိုရင် ငွေပြန်ရအောင်လုပ်ဆောင်နိုင်ပိါတယ်။
Ref : Gizmochina