Redmi က အိန္ဒိယမှာ Note 9 Series တွေကို မကြာခင်ကပဲ ပူပူနွေးနွေး ကြေညာထားပြီး အခုတော့ မိခင် ကုမ္ပဏီ Xiaomi က အဲဒီနိုင်ငံမှာ ထုတ်ကုန် အသစ် ၁ ခုကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Xiaomi က တွစ်တာမှာ Teaser ၁ ခု မျှဝေလိုက်ပြီး မတ်လ ၁၆ ရက်နေ့မှာ မိတ်ဆက်မယ်လို့  သတင်းပေးလိုက်ပါတယ်။

Xiaomi က ဘာကို ကြေညာမလဲဆိုတာ မပြောသေးပေမယ့် တွစ်တာမှာ မျှဝေထားတဲ့ ဗီဒီယိုမှာ “ ကြိုးတွေ သုံးဖို့ မလိုတော့ပါဘူး။ Mi Fans တို့ရေ။ ကြိုးတွေ ဖယ်ရှားဖို့ အချိန်ကျပါပြီ။ သင်တို့ လိုအပ်တဲ့ စွမ်းအား အကုန်လုံးကို အေးအေးဆေးဆေး ရယူလိုက်ပါ။ “ လို့ အဓိပ္ပါယ်ရတဲ့ စာသားတွေကို ရေးသားထားပါတယ်။ အဲဒီအတွက် အဲဒီ ထုတ်ကုန် အသစ်ဟာ Wireless Charger ဒါမှမဟုတ် Wireless Charging Power Bank  ဖြစ်နိုင်ပြီး လာမယ့် ၁၆ ရက်နေ့မှာ အဲဒီ ကိရိယာရဲ့ သတင်းအချက်အလက်တွေကို သိလာရတော့မှာပါ။

Xiaomi က 40W Fast Charging Support ပါတဲ့ Wireless Charger ၁ ခုကို အရင်က အရိပ်အမြွက် ပြသခဲ့ဖူးပါတယ်။ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌ Chang Cheng က အဆင့်မြှင့်ထားတဲ့ Mi 10 Pro ကို Wireless Charger ၁ ခုပေါ်မှာ တင်ပြီး အားသွင်းတဲ့ ဗီဒီယို ၁ ခုကို ဝီဘိုမှာ မျှဝေခဲ့ဖူးပြီး Charger ဟာ ဖုန်းကို ၄၀ မိနစ်အတွင်းမှာ ၁၀၀ ရာခိုင်နှုန်းအားသွင်းပေးတာ မြင်ရပါတယ်။ အဲဒီ Charger ကိုတော့ အိန္ဒိယမှာ ကြေညာမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။  Xiaomi က Mi Wireless Power Bank  10,000mAh Fast Wireless Charger နဲ့ Mi Wireless Charging Pad တို့ကို အရင်က ကြေညာထားပြီးပါပြီ။

Ref : gsmarena