Xiaomi ရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Lin Bin ဟာ မကြာခင် ကုမ္ပဏီကနေ နုတ်ထွက်နိုင်တယ်ဆိုတဲ့သတင်းက ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်လောက်ကမှ ထွက်ပေါ်ခဲ့တာပါ။ ဒီတုန်းကတော့ ကုမ္ပဏီဘက်က ဒီသတင်း တွေဟာ အခြေအမြစ်မရှိဘူးလို့ ပြန်ပြီးတော့ တုံ့ပြန်ခဲ့ပါသေးတယ်။

အခု ဇူလိုင်လကုန်မှာတော့ ကနဦးထွက်ခဲ့တဲ့ သတင်းတွေ မှန်ကန်တယ်ဆိုတာကို မြင်တွေ့လိုက်ကြရပါပြီ။ Lin Bin ဟာ အမှန်တကယ်ပဲ မိုလ်ဘိုင်းဌာနကို စွန့်ခွါခဲ့ပြီပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး နည်းပညာကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Xiaomi အတွက် ဒီလိုမျိုး ဦးဆောင်သူအပြောင်းအလဲဖြစ်တာဟာ အဆန်းတော့မဟုတ်ပါဘူး။

Xiaomi ဟာ စမတ်ဖုန်းတင်ထုတ်လုပ်တာမဟုတ်ဘဲ အခြား IT ပစ္စည်းတွေနဲ့ အီလက်ထရောနစ်ပစ္စည်းအချို့ကိုလည်း ပူးတွဲထုတ်လုပ်နေတာပါ။ Lin Bin ဟာ Xiaomi ရဲ့ အခြားလက်အောက်ခံကုမ္ပဏီတွေမှာလည်း ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ပေမယ့်၊ ဒီနှစ်အစပိုင်းမှာတော့ နုတ်ထွက်ခဲ့ပါတယ်။ အခုလို ဒုတိယနှစ်ဝက်ထဲရောက်ချိန်မှ Xaiomi ရဲ့ မိုလ်ဘိုင်းဌာနဆီကနေ နုတ်ထွက်တာ ဖြစ်ပါတယ်။

Lin Bin ဟာ မိုလ်ဘိုင်းဌာနကနေ နုတ်ထွက်ပြီး မဟာဗျူဟာကော်မတီ (Strategy committee)မှာ ဒုတိယဥက္ကဋ္ဌ အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီလိုရာထူးအပြောင်းအလဲလုပ်တာဟာ ဘာအဓိပ္ပါယ်လဲဆိုတာ ထင်ရှားပါတယ်။

Lin Bin ရဲ့ နေရာကို လွှဲပြောင်းရယူခဲ့သူကတော့ ZTE မိုလ်ဘိုင်းဌာနရဲ့ CEO နဲ့ ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်တဲ့ Adam Zeng Xuezhong ပဲ ဖြစ်ပါတယ်။ Mr. Xuezhong ဟာ ပြီးခဲ့တဲ့ရက်ကပဲ Xiaomi မိုလ်ဘိုင်းဌာနရဲ့ ဦးဆောင်သူအဖြစ် ခန့်အပ်ခြင်းခံရပြီး စမတ်ဖုန်းသစ်တွေဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ထုတ်လုပ်ဖို့အတွက် စတင်တာဝန်ထမ်းဆောင်ရပြီ ဖြစ်ပါတယ်။

Mr. Xuezhong ဟာ စက်မှုလုပ်ငန်း ၂၉ ခု ဖက်စပ်လုပ်ဆောင်နေတဲ့ Huixin Communications ရဲ့ လက်ရှိ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ Pandaily ကဖော်ပြချက်အရ Mr. Xuezhong ဟာ ရာထူးတာဝန်နှစ်ခုစလုံးကို တစ်ပြိုင်နက် ထမ်းဆောင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

Lin Bin ရဲ့လက်အောက်မှာ Xiaomi ဟာ Mi MIX Alpha နဲ့ မကြာမီကထွက်ခဲ့တဲ့ Mi 10 စီးရီးလို အမှတ်တံဆိပ်ကို ဂုဏ်ယူဝံ့ကြွားစေနိုင်မယ့် ထုတ်ကုန်မျိုး ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref: Gizmochina