ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Google ကနေ Pixel စမတ်ဖုန်းတွေအတွက် Android 11 Stable Update ကို စတင်ထုတ်ပေးခဲ့ပါတယ်။ အခုအချိန်မှာလည်း တချို့သောစမတ်ဖုန်းထုတ်လုပ်သူတွေကနေ အဆိုပါ Android 11 Stable Update ကို အခြေခံထားတဲ့ Beta Update တွေကို ထုတ်ပေးနေပြီဖြစ်ပါတယ်။

အဲ့ဒီမှာမှ Xiaomi ရဲ့ ယခုနှစ်အတွင်းမှာ ထွက်ရှိထားတဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Mi 10 ၊ Mi 10 Pro နဲ့ Redmi K30 Pro ဖုန်းတွေကလည်း Android 11 Stable Beta Update ကို ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Update ဟာ လောလောဆယ်မှာတော့ China Region အတွက်ပဲ ရရှိသေးတာဖြစ်ပြီး MIUI 12 အနေနဲ့ပဲ ထွက်ရှိလာမှာဖြစ်ပါတယ်။

Xiaomi ဟာ လက်ရှိအချိန်မှာ Mi 10 ၊ Mi 10 Pro နဲ့ Redmi K30 Pro ဖုန်းတွေအပြင် Mi CC9 Pro ၊ Redmi K30 5G နဲ့ Redmi 10X Pro ဖုန်းတွေအတွက်ပါ Weekly Beta Update ကို ထုတ်ပေးနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် မကြာခင်မှာ အဆိုပါ ဖုန်းတွေအတွက်ပါ Android 11 Stable Beta Update ရရှိဖို့ နီးစပ်နေပါတယ်။

တကယ်လို့ ယခု Android 11 Stable Beta Update မှာ Error တွေနဲ့ Bug တွေကြီးကြီးမားမားမရှိဘူးဆိုရင် လာမယ့်ရက်ပိုင်းအတွင်းမှာ China ROM ကို အသုံးပြုသူတွေအနေနဲ့ Stable Update ကို ရရှိလာမှာဖြစ်ပါတယ်။ Android 11 မှာတော့ Privacy နဲ့ Notification ပိုင်း ပြောင်းလဲမှုတွေရှိပေမယ့် MIUI 12 ကိုပဲ အခြေခံထားတဲ့အတွက် သိသိသာသာပြောင်းလဲမှာတော့မဟုတ်ပါဘူး။

Ref – Gizmo China