အခုရက်ပိုင်းမှာ ဆက်တိုက်ထွက်နေတဲ့ Leak တွေကြောင့် Xiaomi Mi 10 စီးရီးနဲ့ ပတ်သက်လို့ တော်တော်များများကို သိပြီးသားဖြစ်နေမှာပါ။ ယနေ့မှာတော့ တရားဝင်မိတ်ဆက်မယ့်ရက်စွဲပါ ထွက်ပေါ်လာခဲ့ပါပြီ။

အဆိုပါသတင်းရင်းမြစ်အရတော့ Mi 10 နဲ့ Mi 10 Pro (မော်ဒယ်နံပါတ် J1J1 နှင့် J1J2) တို့ဟာ Xiaomi ကုမ္ပဏီက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပြုလုပ်မယ့် Event မှာ အရင်ဆုံးနာမည်ထုတ်ဖော်ပြောကြားလာမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ သီးသန့်မိတ်ဆက်ပွဲနဲ့ ထွက်ပေါ်လာမယ်လို့ ဆိုပါတယ်။

Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Black Shark အား ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Luo Yuzhou ရဲ့ မကြာသေးခင်က တရားဝင်ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ရန်ကို ကြောက်ရတဲ့အတွက် ဒီထုတ်ကုန်သစ် မိတ်ဆက်ပွဲတွေကို အွန်လိုင်းသီးသန့်သာ ပြုလုပ်သွားမယ့်ပုံမှာ ရှိနေပါတယ်။

ဒီမိတ်ဆက်ပွဲမှာ စမတ်ဖုန်းသစ်တွေရဲ့ တရားဝင်ဖြန့်ချိမယ့်ရက်တွေနဲ့ ဈေးနှုန်း စတာတွေ ပါဝင်လာမှာဖြစ်ပေမယ့် လက်ရှိမှာတော့ Mi 10 ဖုန်းဟာ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ စတင်ရောင်းချသွားနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ Mi 10 Pro ကိုတော့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကြိုတင်အမှာလက်ခံလာနိုင်ပြီး ၁၈ ရက်နေ့မှ ဈေးကွက်ထဲ ဖြန့်ချိလာမယ်လို့ ဆိုပါတယ်။

အသစ်ထွက်လာမယ့် Mi 10 ဟန်းဆက်နှစ်ခုလုံးအတွက် မသိရသေးတဲ့ Specs တွေတော့ ကျန်နေတုန်းပါပဲ။ Leak အများစုကတော့ ဒီဖုန်းနှစ်လုံးစလုံးမှာ 108MP Samsung အဓိက ကင်မရာကို သုံးစွဲလာမယ်ဆိုတာ သဘောတူထားကြပြီး Mi 10 Pro မှာတော့ ကင်မရာအရေအတွက် တစ်လုံးပိုများမှာ ဖြစ်ပါတယ်။

Mi 10 Pro ဖုန်းမှာ 6.4” လက်မ FullHD+ Display ကို 120Hz OLED Panel နဲ့ ထွက်ရှိလာနိုင်ပြီး အတွင်းမှာ Snapdragon 865 ချစ်ပ်ဆက်ကို 16GB RAM မန်မိုရီနဲ့ တွဲဖက်လာမယ်လို့ ခန့်မှန်းကြပါတယ်။ ဘက္ထရီက 5,250 mAh အကြီးစားကိုတောင် ၃၅ မိနစ်အတွင်း အားအပြည့်ဖြည့်နိုင်မယ့် 66W Fast Charging စနစ် ပါဝင်လာမယ်လို့လည်း မျှော်မှန်းထားကြပါတယ်။

Ref – GSM Arena