လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက Xiaomi ဟာ သူတို့ရဲ့ စမတ်ဖုန်းထုတ်လုပ်သူ ဘဝကို တရုတ်စျေးကွက်ထဲမှာ ပထမဆုံး Mi 1 ဖုန်းအား မိတ်ဆက်ခြင်းဖြင့် စတင်ခဲ့ပါတယ်။ ယနေ့မှာတော့ ဆယ်နှစ်ပြည့်သွားပြီ ဖြစ်တဲ့ Xiaomi အမှတ်တံဆိပ်ဟာ Mi 10 Ultra ဖုန်းကို မိတ်ဆက်လာခဲ့ပြီး ဆယ်နှစ်အတွင်း သူတို့ ဘယ်လောက်ထိ ခရီးရောက်ခဲ့ပြီ ဆိုတာကို ပြသလာခဲ့ပါတယ်။

Xiaomi လိုင်းအပ်ထဲမှာ ပထမဆုံး Ultra အမည်ခံ စမတ်ဖုန်းဟာ Mi 10 Pro ထက် သိသာတဲ့ ပြောင်းလဲမှုတွေကို ယူဆောင်လာပြီး 120Hz Refresh Rate, 50W ကြိုးမဲ့ အားသွင်းစနစ်နဲ့ မယုံနိုင်စရာ 120W အားသွင်းနည်းပညာသစ် တို့ကို သယ်ယူလာပါတယ်။

ဒါ့အပြင် နောက်ဘက်ကင်မရာအပိုင်းမှာ အဓိက 48MP Sensor ကို အဖော်ပြုပေးဖို့ 48MP Periscope Sensor ကြီး တစ်ခု ထပ်ထည့်ထားတာကြောင့် 120x Digital Zoom ထိ ရရှိနိုင်မှာဖြစ်ပြီး 12MP Telephoto နဲ့ 20MP Ultrawide 12mm Sensor တို့က ထပ်မံအားဖြည့်ထားပါတယ်။

ရှေ့ဘက်မှာတော့ Mi 10 Ultra ဟာ 6.67” OLED Curved Display ကို အခြေခံတည်ဆောက်ထားပြီး FHD+ Resolution ပါဝင်မှာပါ။ အထက်မှာ ပြောခဲ့သလို 120Hz Refresh Rate နဲ့ အသုံးပြုနိုင်ပြီး Touch Sampling ပမာဏ 240Hz ထိ စမ်းသပ် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ အပေါ်ဘယ်ဘက်ထောင့်မှာတော့ 20MP ဆဲလ်ဖီးကင်မရာ တစ်လုံး ထည့်သွင်းထားပါတယ်။

Mi 10 Ultra ရဲ့ အတွင်းမှာ Snapdragon 865 ချစ်ပ်ဆက် ကို အခြေခံထားပြီး 8/ 12/ 16 GB LPDDR5 RAM နဲ့ 128/ 256/ 512 GB UFS 3.1 Storage ပမာဏ သုံးမျိုးသုံးစား ရွေးချယ်နိုင်မှာပါ။ Xiaomi ဟာ အလွှာခြောက်လွှာပါတဲ့ LiquidCool 2.0 အအေးပေးစနစ်ကိုလည်း ထည့်သွင်းလာပြီး အလွန်လျှင်မြန်တဲ့ အားသွင်းစနစ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အပူကို ကာကွယ်ပေးဖို့ ကြိုးစားထားပါတယ်။

သူ့မှာပါတဲ့ 120W Mi Turbo Charge အားသွင်းစနစ်ဟာ ဒီဖုန်း စျေးကွက်ထဲရောက်တာနဲ့ လတ်တလော ရရှိနိုင်တဲ့ အမြန်ဆုံး အားသွင်းနည်းပညာ ဖြစ်လာမှာပါ။ Xiaomi ကတော့ ဒီစနစ်ဟာ 4,500 mAh ဘက္ထရီတစ်လုံးကို မိနစ် ၂၀ တည်းနဲ့ အားအပြည့်ဖြည့်နိုင်တယ်လို့ ဆိုထားပါတယ်။ ဘက္ထရီ Cell ကိုယ်တိုင်ကလည်း Graphene-based Lithium-ion ဘက္ထရီ ဖြစ်ပြီး Xiaomi အနေနဲ့ ပထမဆုံး ဒီအမျိုးအစားကို သုံးစွဲလာတာပါပဲ။

ကြိုးမဲ့အားသွင်းစနစ်ကလည်း Mi 10 Ultra ကို မျက်နှာမငယ်စေရဘဲ 50W အမြန်နှုန်း ရှိနေပါတယ်။ ဒီစနစ်ကလည်း ထွက်ရှိချိန်မှာ စျေးကွက်ထဲက ရရှိနိုင်တဲ့ အမြန်ဆုံး ကြိုးမဲ့အားသွင်းစနစ် ဖြစ်ပြီး ဘက္ထရီကို အပြည့်ဖြည့်ဖို့ မိနစ် ၄၀ သာ လိုအပ်မှာပါ။ ဒါပေမယ့် သူကတော့ သီးသန့် Wireless Charger တစ်ခု ထပ်ဝယ်ရမှာပါ။ ဒီဖုန်းဟာ 10W Reverse အားသွင်းစနစ် ကိုလည်း ထောက်ပံ့ပေးပါတယ်။

Android 10 OS အခြေခံထားတဲ့ MIUI 12 နဲ့အသုံးပြုရမယ့် Xiamo Mi 10 Ultra ဖုန်းဟာ Obsidian Black, Mercury Silver အရောင်တွေနဲ့ ရရှိနိုင်မှာဖြစ်ပြီး Limited Transparent Edition ကိုလည်း မြင်ရဦးမှာပါ။ အခြေခံအကျဆုံး 8/128GB မော်ဒယ်အတွက် တရုတ်ယွမ် ၅၂၉၉ (မြန်မာငွေ ဆယ်သိန်းဝန်းကျင်) သတ်မှတ်ထားပြီး အမြင့်ဆုံး ဖြစ်တဲ့ 16/512 GB မော်ဒယ် ကတော့ ယွမ် ၆၉၉၉ (မြန်မာငွေ ၁၃ သိန်း ၈ သောင်းခန့်) ကျသင့်မှာဖြစ်ပါတယ်။ နိုင်ငံတကာစျေးကွက်ကိုတော့ မကြာခင် သီးသန့် မိတ်ဆက်လာဦးမယ်လို့ ယူဆရပါတယ်။

Ref – GSMArena