Xiaomi ဟာ ပြီးခဲ့ရက်ပိုင်းတုန်းက Mi 10T Series စမတ်ဖုန်းတွေကို တရုတ်နိုင်ငံပြင်ပ ဥရောပစျေးကွက်အတွက် တရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။ အခုလည်း အဆိုပါ Mi 10T Series ဖုန်းတွေကို တရုတ်နိုင်ငံမှာပါ ရောင်းချသွားတော့မယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ထူးခြားချက်အနေနဲ့ Mi 10T Series ဟာ တရုတ်နိုင်ငံအတွင်းမှာ Mi Series အစား Redmi K30 Series အောက်မှာပဲ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အဆိုပါ Mi 10T လို့ယူဆရတဲ့ Model Number M20007J3SC နဲ့ Xiaomi စမတ်ဖုန်းတစ်လုံးဟာလည်း တရုတ်နိုင်ငံရဲ့ 3C Certification ကို ရရှိပြီးဖြစ်ပါတယ်။

Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ရဲ့ ထောက်ပြချက်အရတော့ အဆိုပါ Model Number ဟာ Redmi K30 Series ဖုန်းတွေနဲ့ ဆင်တူတဲ့အတွက် Redmi K30 Series အနေနဲ့ပဲ နာမည်ပြောင်းလဲမိတ်ဆက်လာနိုင်ပါတယ်။ လောလောဆယ်မှာတော့ 64MP Primary Sensor ပါဝင်တဲ့ Mi 10T နဲ့ 108MP Primary Sensor ပါဝင်တဲ့ Mi 10T Pro ဖုန်းတွေကိုပဲ တရုတ်နိုင်ငံမှာ အရင်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

လောလောဆယ် Redmi K30 Series ထဲမှာပဲ Qualcomm Snapdragon 865 အသုံးပြုထားတဲ့ Redmi K30 Pro ၊ K30 Pro Zoom Edition နဲ့ MediaTek Dimensity 1000+ Chipset အသုံးပြုထားတဲ့ K30 Ultra ဆိုပြီး Flagship ဖုန်းတွေအများအပြားရှိနေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Mi 10T Series ဖုန်းတွေဟာ ဘယ်လိုမျိုး Redmi K30 နာမည်နဲ့ မိတ်ဆက်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

လက်ရှိသိထားရတဲ့သတင်းတွေအရတော့ Xiaomi ဟာ တရုတ်နိုင်ငံအတွက် Mi 10T Series ကို ပြောင်းလဲမှုတွေပြုလုပ်မှာမဟုတ်ဘဲ စျေးနှုန်းအနေနဲ့ 2,000 Yuan (မြန်မာငွေ ၃ သိန်း ၈ သောင်းဝန်းကျင်) ကနေ 3,000 Yuan (မြန်မာငွေ ၅ သိန်း ၈ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Giz China