Xiaomi ရဲ့ လာမယ့် Mainstream Flagship line သစ်ကို ကိုယ်စားပြုမှာဖြစ်တဲ့ Vanilla Mi 11 နဲ့ Mi 11 Pro တို့ကို တရားဝင် မိတ်ဆက်ဖြန့်ချိမယ့်ရက်က ပိုပြီးနီးကပ်လာပါပြီ။ Mi 11 စီးရီးနဲ့ပတ်သက်ပြီး သတင်းပေါက်ကြားမှုတွေ အတော်များများထွက်ခဲ့ပြီးတာကြောင့် အချက်အလက်တွေလည်း အကုန်နီးပါး သိပြီးဖြစ်ကြပါလိမ့်မယ်။

ဒီတစ်ခါထွက်ပေါ်လာတာကတော့ တရားဝင်မိတ်မဆက်ရသေးတဲ့ Vanilla Mi 11 လို့ ယူဆရတဲ့ ဟန်းဆက်ကို အများသူငါကြားမှာ ကိုင်တွယ်သုံးစွဲနေပုံ ဖြစ်ပါတယ်။ ကနဦးထွက်ပေါ်ခဲ့တဲ့ သတင်းတွေနဲ့ ရုပ်ပုံတွေနဲ့တိုက်ဆိုင်ကြည့်တဲ့အခါ အခုဓါတ်ပုံမှာမြင်တွေ့ရတဲ့ ကင်မရာအိမ်ဖွဲ့စည်းထားပုံအရ၊ (အထူးသဖြင့် 12MP periscope module လို့ယူဆရတဲ့ ကင်မရာတပ်ဆင်ထားပုံအရ) Vanilla Mi 11 လို့ပဲ မှတ်ယူရပါတယ်။

ဒီပုံဟာ Xiaomi ရဲ့ ဝန်ထမ်းတစ်ဦးဦးက မကြာခင်မိတ်ဆက်တော့မယ့် စမတ်ဖုန်းကို၊ ထုံးစံအရ (အပြစ်အနာအဆာရှာဖို့အတွက်) မိတ်မဆက်ခင် စမ်းသပ်သုံးစွဲနေတုန်းမှာ လူမှုကွန်ရက်ပေါ် ရောက်လာတယ်လို့ ယူဆရပါတယ်။ ဓါတ်ပုံတွေဟာ ဖုန်းကို ကျောဘက်ကမြင်တွေ့ရတဲ့ပုံစံတွေပဲ ဖြစ်ပါတယ်။ အရှေ့ဘက်မျက်နှာပြင်ကိုတော့ မြင်တွေ့ရခြင်းမရှိပါဘူး။

Vanilla Mi 11 ရဲ့ ကျောဘက်ကင်မရာသုံးလုံးနဲ့ပတ်သက်တဲ့ အချက်အလက်အသေးစိတ်ကို မသိရသေးပေမယ့် ဒီစီးရီးမှာ Snapdragon 888 Chipset အသုံးပြုလာနိုင်တယ်လို့ သတင်းကြီးနေတာ ဖြစ်ပါတယ်။ Certification တွေအရ၊ ဘက်ထရီပမာဏကလည်း 4,780mAh ဖြစ်နိုင်တယ်လို့ ကောက်ချက်ချရပါလိမ့်မယ်။ နောက်ဆုံးထွက်ထားတဲ့သတင်းကတော့ ဒီဟန်းဆက်နှစ်မျိုးစလုံးမှာ 55W အမြန်အားသွင်းစနစ် ပါဝင်လာမယ်ဆိုတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena