Xiaomi က အီလက်ထရောနစ် ပစ္စည်းမျိုးစုံကို ထုတ်လုပ်ရောင်းချနေပြီး Action ကင်မရာနဲ့ လုံခြုံရေး ကင်မရာတွေလည်း ပါပါတယ်။ အခုလည်း ဈေးချိုတဲ့ PTZ ကင်မရာ အသစ်ကို ချပြလိုက်ပြီး Mi Smart Camera SE PTZ လို့ နာမည်ပေးထားပါတယ်။ ၁၄၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃ သောင်းလောက်ပဲရှိပါတယ်။ PTZ Series ထဲမှာ စတုတ္ထမြောက် ကင်မရာ ဖြစ်လာပြီး အရင်က 1080p Resolution , 2K Resolution နဲ့ Pro Version တွေကို ထုတ်လုပ်ရောင်းချထားပါတယ်။

အခု ကင်မရာ အသစ်မှာ အလိုလို ဒေါင်လိုက် ရွေ့လျားနိုင်ခြင်း မရှိပေမယ့် လူက ရွှေ့နိုင်ပါတယ်။ အလျားလိုက် အလိုလို ရွေ့လျားနိုင်ပြီး 1080p HD ဗီဒီယို ရိုက်ကူးနိုင်တဲ့ 2MP ကင်မရာ ပါလာပါတယ်။ WDR နည်းပညာ သုံးထားတဲ့အတွက် အသေးစိတ်ကျတဲ့ ပုံရိပ်တွေ ဖမ်းယူပေးနိုင်ပါတယ်။

Night Vision က စွမ်းရည်မြင့်မားပြီး ညဘက်ရိုက်တဲ့ ပုံရိပ်တွေမှာ Red Exposure မရှိပါဘူး။ H.265 ဗီဒီယို Encoding နည်းပညာ အသစ်ကို သုံးထားပြီး အရင်ကထက် Bit Rate ဟာ ၅၀ ရာခိုင်နှုန်း နည်းသွားပါတယ်။ 1M Uplink Bandwidth အောက်ပဲရှိရင်တောင် 1080p HD ဗီဒီယိုတွေကို ကြည့်ရှုနိုင်ပါတယ်။ ဗီဒီယိုတွေ သိမ်းဖို့ ကင်မရာမှာ 32GB External Storage ကို ထောက်ပံ့ထားပေမယ့် Network-attached Storage (NAS) ဒါမှမဟုတ် Cloud Storage ကို ရွေးချယ်နိုင်ပါတယ်။ Micro SD Card မှာ သိမ်းထားတာတွေကို 1x , 4x , 18x Speed နဲ့ ကြည့်နိုင်တဲ့အတွက် ဗီဒီယိုတွေကို မြန်မြန် စစ်ဆေးချင်ရင် အဆင်ပြေပါတယ်။

ဒါ့အပြင် စမတ် ကင်မရာမှာ လူတွေကို ခွဲခြားနိုင်တဲ့ စွမ်းရည် ပါလာတဲ့အတွက် တိရိစ္ဆာန်တွေ၊ လေတိုက်လို့ လှုပ်ရှားတာတွေကို သိနားလည်ပါတယ်။ Xiaomi Youpin ကနေ ရောင်းပေးနေပါပြီ။

Ref : gizmochina