ပြီးခဲ့တဲ့ လအနည်းငယ်က COVID-19 ဟာ တရုတ် နိုင်ငံ ဝူဟန်မြို့ကနေ စတင် ကူးစက်ခဲ့ပြီး မြို့ကို Lockdown ချခဲ့ရပါတယ်။ အခုတော့ မြို့ကို အဝင် ၊ အထွက် ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပြီး စတိုးဆိုင်တွေလည်း ပြန်ဖွင့်လို့ ရလာပါပြီ။ အဲဒီထဲမှာ Xiaomi Mi Store လည်း ပါဝင်ပါတယ်။

ဒါပေမယ့် ဝူဟန်မှာ ဗိုင်းရက်စ်ကို သေသေချာချာ စောင့်ကြည့်စစ်ဆေးနေတုန်းပါပဲ။ Xiaomi Mi Store မှာ ဈေးလာဝယ်သူတွေရဲ့ နာမည်၊ လိပ်စာတွေကို မှတ်သားထားပြီး အပူချိန်တိုင်းတာပေးပါတယ်။ ဈေးဝယ်လာသူဟာ Mask တပ်ဆင်ဖို့လည်း လိုအပ်ပါတယ်။

Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing ကလည်း ဝူဟန်မှာ Xiaomi Mi Store ပြန်ဖွင့်တာကို ဝီဘိုမှာ အသိပေးခဲ့ပါတယ်။ ဝူဟန်က Xiaomi ရဲ့ ဝန်ထမ်းတွေဟာ ကံကောင်းတယ်လို့ ဆိုရမှာပါ။ ဝူဟန် အခြေစိုက် Xiaomi ရုံးချုပ်က ဝန်ထမ်း ၂၀၀၀ နီးပါးဟာ ရောဂါ ကူးစက်မှု မရှိဘူးလို့ Xiaomi ဥက္ကဌ Wang Xiang က ပြောပါတယ်။ ဝန်ထမ်း အများစုက အင်ဂျင်နီယာတွေ ဖြစ်ကြပါတယ်။

ဝူဟန်မြို့ကို ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီး Xiaomi ဟာ လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ပေမယ့် တင်းကြပ်တဲ့စည်းကမ်းတွေ ထုတ်ထားပါတယ်။ ဝန်ထမ်းအားလုံးဟာ Isolation လုပ်ထားကြရပြီး အလုပ်မဝင်ခင်မှာ ဗိုင်းရက်စ် ကူးစက်မှု ရှိ၊ မရှိ စစ်ဆေးထားကြရပါတယ်။ နေ့တိုင်းလည်း ကိုယ် အပူချိန် တိုင်းတာကြရပါတယ်။ Xiaomi က ဝန်ထမ်းတွေအတွက် တစ်နေ့ကို Mask ၂ ခု ၊ ပိုးသတ် ဖြန်းဆေးနဲ့ လက်ဆေးရည်တွေကို ပံ့ပိုးပေးထားပါတယ်။

Ref : gizchina