မိုလ်ဘိုင်းဖုန်း ကနေ စမတ်ဖုန်း အဖြစ် ဝေါဟာရပိုင်းဆိုင်ရာ ကူးပြောင်းပြီးတဲ့နောက် သုံးစွဲသူတွေရဲ့ ယဉ်ကျေးမှုကလည်း စမတ်ကျကျ ကူးပြောင်းလာခဲ့ကြပါတယ်။ အခုဆိုရင် Smart Device လို့ခေါ်ဝေါ်သုံးစွဲကြတဲ့ လူနေမှုအတွက် ထောက်အကူပြုနိုင်တဲ့ နည်းပညာသုံးကိရိယာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ Wearable device ဈေးကွက်တွေ တဖြည်းဖြည်း ကြီးထွားပွင့်လန်းလာသလို ဆက်စပ်အသုံးအဆောင်တွေရဲ့ ဈေးကွက်ကလည်း နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်မားလာမှုနဲ့အတူ ကြီးမားတဲ့ အရွေ့တစ်ခုကို ဖော်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

True Wireless (TWS) earbuds လို့ခေါ်တဲ့ ကြိုးမဲ့စစ်စစ်နားကြပ် ဈေးကွက်ကလည်း သိသိသာသာ ကြီးထွားလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် စမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်ထဲမှာ အခြေခိုင်အောင်မြင်ပြီးသား ကုမ္ပဏီကြီးတွေက သူတို့ရဲ့ဖောက်သည်တွေအတွက် လိုအပ်ချက်၊ လိုလားချက်တွေကို လစ်ဟာမသွားအောင် ဖြည့်ဆည်းပေးနေတာကလည်း အဓိက အကြောင်းရင်းလို့ ဆိုနိုင်ပါတယ်။

Xiaomi ကလည်း TWS ဈေးကွက်ထဲကို ဝင်ရောက်နေတာပါ။ အခုလည်း Mi TWS Earphones 2S ကို ဈေးကွက်ထဲ ဖြန့်ချိဖို့ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒီကြိုးမဲ့စစ်စစ်နားကြပ်တွေကို Wireless Power Consortium ဝက်ဘ်ဆိုက်မှာ မော်ဒယ်နံပါတ် TWSEJO5WM နဲ့အတူ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

မြင်တွေ့ရတဲ့ တစ်ပုံတည်းသော ရုပ်ပုံကိုကြည့်ပြီး သိရတဲ့အချက်က Mi Air 2 TWS နားကြပ်တွေကို အားသွင်းဘူးတွေနဲ့အတူ တွဲလျက်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီအတိုင်း အမှန်တကယ်ထုတ်လုပ်ထားမလားဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။ ဒါပေမယ့် S မော်ဒယ်တွေဟာ ဟာ့ဒ်ဝဲပိုင်းမှာ ကြီးကြီးမားမား ပြောင်းလဲမသွားဘူးလို့ ယူဆရပါတယ်။ အားသွင်းနှုန်းကိုလည်း အမြင့်ဆုံး 2.5W လောက်နဲ့ တွေ့မြင်ရဖွယ်ရှိပါတယ်။

Ref: GSM Arena