Xiaomi က သူ့ရဲ့ ခေါက်ဖုန်းအမျိုးအစားဖြစ်တဲ့ MIX Flip 2 ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းဟာ ဒီဇိုင်းပိုင်းမှာ အနည်းငယ်ပြောင်းလဲမှုရှိပြီး အဓိကအားဖြင့် စွမ်းဆောင်ရည်၊ ဘက်ထရီနဲ့ ကင်မရာပိုင်းမှာ သိသိသာသာ အဆင့်မြှင့်တင်ထားတာကို တွေ့ရပါတယ်။
ဒီဇိုင်းနှင့် မျက်နှာပြင်
MIX Flip 2 ဟာ ဒီဇိုင်းပိုင်းမှာ အရင်မျိုးဆက်နဲ့ ဆင်တူပေမယ့် ပိုမိုကောင်းမွန်တဲ့ Hinge စနစ်ကို အသုံးပြုထားတာကြောင့် ဖုန်းကိုခေါက်လိုက်တဲ့အခါ လုံးဝညီညာပြားချပ်ပြီး ခေါက်ရာအနည်းဆုံးဖြစ်အောင် ပြုလုပ်ထားပါတယ်။
အပြင်ဘက်မျက်နှာပြင် (Cover Screen) က အရင်ထက် 0.1 လက်မ ပိုကြီးလာပြီး အတွင်းဘက်ခေါက်မျက်နှာပြင်ကတော့ 6.86 လက်မရှိပါတယ်။ မျက်နှာပြင်နှစ်ခုလုံးဟာ 120Hz refresh rate နဲ့ အလင်းအား အမြင့်ဆုံး 3,200 nits အထိ ထောက်ပံ့ပေးနိုင်ပါတယ်။
စွမ်းဆောင်ရည်နှင့် ဘက်ထရီ
စွမ်းဆောင်ရည်အတွက် Snapdragon 8 Elite SoC ကိုသုံးထားပြီး အပူချိန်ထိန်းချုပ်ဖို့အတွက် dual vapor chamber cooling system ကို ထည့်သွင်းပေးထားပါတယ်။
ဘက်ထရီကတော့ ဒီဖုန်းရဲ့ အကြီးမားဆုံး အားသာချက်တစ်ခုဖြစ်လာပြီး အရင်မော်ဒယ်ရဲ့ 4,780mAh ထက် ပိုများတဲ့ 5,165mAh အထိ ပါဝင်လာပါတယ်။ အားအမြန်သွင်းစနစ်အနေနဲ့ 67W wired charging နဲ့ 50W wireless charging ကိုလည်း ထောက်ပံ့ပေးထားပါတယ်။
ကင်မရာ
ကင်မရာပိုင်းမှာတော့ Xiaomi က အပြောင်းအလဲကြီးတစ်ခုလုပ်ထားပါတယ်။ အရင်ကလို 1x wide နဲ့ 2x telephoto ကင်မရာအစား၊ ဒီတစ်ခါမှာတော့ ပိုကောင်းတဲ့ 50MP main ကင်မရာ (OV50E sensor) နဲ့ 5cm အနီးကပ် macro ဓာတ်ပုံတွေရိုက်နိုင်တဲ့ 50MP ultrawide ကင်မရာတို့ကို ပြောင်းလဲတပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာတော့ 4K ဗီဒီယိုရိုက်ကူးနိုင်တဲ့ 32MP selfie ကင်မရာပါဝင်ပါတယ်။
အရောင်၊ ဈေးနှုန်းနှင့် Memory အမျိုးအစားများ
MIX Flip 2 ကို Lattice Gold, Shell White, Nebula Purple, နှင့် Plum Green ဆိုပြီး အရောင်လေးမျိုးနဲ့ ရရှိနိုင်မှာပါ။ Memory အမျိုးအစားသုံးမျိုးနဲ့ ဈေးနှုန်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-
12/256GB: CNY 5,999 (ယွမ် ၅,၉၉၉)
12/512GB: CNY 6,499 (ယွမ် ၆,၄၉၉)
16GB/1TB: CNY 7,299 (ယွမ် ၇,၂၉၉)
ဖုန်းဘူးထဲမှာတော့ 67W အားသွင်းခေါင်း၊ ဖုန်းကာဗာ (case) နဲ့ USB ကြိုးတွေ တစ်ပါတည်းပါဝင်မှာ ဖြစ်ပါတယ်။
Ref : gsmarena