Xiaomi ရဲ့ Redmi Series စမတ်ဖုန်း အသစ် ၁ လုံးကို FCC ဒေတာဘေ့စ်မှာ တွေ့လာရပါတယ်။ အဲဒီမှာ Redmi 2303CRA44A လို့ ဖော်ပြထားပြီး Redmi Note 12S ဖြစ်နိုင်ပါတယ်။ ဒီဇိုင်းက အရင်နှစ်က ရောင်းချခဲ့တဲ့ Redmi Note 11S နဲ့ တူညီပြီး Punch Hole မျက်နှာပြင် တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို လေးထောင့်ပုံသဏ္ဍာန် Island ထဲမှာ ထည့်သွင်းထားပါတယ်။

FCC က ဓါတ်ပုံအရ Redmi Note 12S မှာ နားကြပ်ပေါက်နဲ့ IR Blaster တပ်ဆင်ထားပါတယ်။ ဒါ့အပြင် Charging Specs မှာ MDY-14-EU မော်ဒယ်နံပါတ် ပါတဲ့ 67W Charger လို့ ဖော်ပြထားပြီး Redmi Note 11S ရဲ့ 33W Charger ထက် အများကြီး တိုးတက်လာမှာ ဖြစ်ပါတယ်။

Redmi Note 12S ရဲ့ တခြား Specs တွေက Redmi Note 11S နဲ့ တူညီမယ်လို့ သတင်းထွက်နေတဲ့အတွက် 6.43 Inch AMOLED မျက်နှာပြင် ပါလာနိုင်ပြီး FHD+ Resolution ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ 90Hz Refresh Rate ပါလာနိုင်ပြီး အရင်မျိုုးဆက်လိုပဲ တူညီတဲ့ MediaTek Helio G96 Chipset မောင်းနှင်ထားနိုင်ပါတယ်။

Redmi Note 12S ကြေညာမယ့် အချိန်ကို Xiaomi က တရားဝင် မပြောသေးပါဘူး။ မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

Ref: gsmarena