တရုတ်ရဲ့ ထိပ်တန်း အီလက်ထရောနစ် ကုမ္ပဏီ Xiaomi က ကိုရိုနာဗိုင်းရက်စ်ကြောင့် ပိတ်ထားရတဲ့ တရုတ်က စတိုး ၁၈၀၀ ကျော်ကို ပြန်လည်ဖွင့်လှစ်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒါပေမယ့် စတိုးတွေမှာ ပိုးသတ်တာ၊ ဈေးဝယ်သူတွေရဲ့ ကိုယ်အပူချိန်ကို တိုင်းတာတာနဲ့ ဗိုင်းရက်စ် ကာကွယ်တဲ့ တခြား နည်းလမ်းတွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။ Xiaomi က ဈေးဝယ်သူတွေ ဘေးကင်းလုံခြုံစေရေးအတွက် ပူးပေါင်းပါဝင်ဖို့အတွက်လည်း နှိုးဆော်မှာ ဖြစ်ပါတယ်။
Xiaomi က ဗိုင်းရက်စ်ကူးစက်တာကို ကာကွယ်ဖို့နဲ့ အစိုးရရဲ့ ဗိုင်းရက်စ် ထိန်းချုပ်ရေး အစီအစဉ်တွေမှာ ပါဝင်ဖို့အတွက် တရုတ်က စတိုးတွေကို ပိတ်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်က စက်ရုံတွေကိုလည်း ပိတ်ထားတဲ့အတွက် ကုန်ထုတ်လုပ်မှုတွေ နှောင့်နှေးသွားနိုင်ပါတယ်။
တရုတ်မှာ လုပ်ငန်းတွေ ရပ်နားတာ Xiaomi ကုမ္ပဏီ ၁ ခုထဲ မဟုတ်ပါဘူး။ အထင်ကရ နည်းပညာ ကုမ္ပဏီတွေဟာ တရုတ်က ရုံးတွေ၊ စက်ရုံတွေနဲ့ စတိုးတွေကို ယာယီ ပိတ်မယ်လို့ ပြီးခဲ့တဲ့ လက ကြေညာခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီတွေထဲမှာ Apple , Samsung , Microsoft , Tesla နဲ့ Google တို့ ပါဝင်ပါတယ်။
Xiaomi ဟာ မကြာခင်ကပဲ Redmi Note 9 Pro နဲ့ Redmi Note 9 Pro Max တို့ကို အိန္ဒိယမှာ ကြေညာခဲ့ပြီး စွမ်းရည်မြင့် Mi 10 နဲ့ Mi 10 Pro တို့ကိုလည်း အဲဒီမှာ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ Xiaomi က မတ်လ ၂၇ ရက်နေ့မှာ Mi 10 Series တွေကို တစ်ကမ္ဘာလုံးအတွက် ကြေညာတော့မှာပါ။
Ref : gizmochina