မိုဘိုင်းလ်ကမ္ဘာ့ကွန်ဂရက် (MWC 2026) ပွဲကြီး မစခင် ရက်ပိုင်းအလိုမှာတင် နည်းပညာလောကကို လှုပ်ခတ်သွားစေတဲ့ မြင်ကွင်းတစ်ခု ဘာစီလိုနာမြို့မှာ ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ Xiaomi ရဲ့ စွမ်းဆောင်ရည်မြင့် စူပါကား ပုံစံငယ်လေးပဲ ဖြစ်ပါတယ်။ ဒီကားဟာ သာမန် လမ်းပေါ်မောင်းတဲ့ ကားပုံစံမျိုး မဟုတ်ဘဲ မြေကြီးနဲ့ တစ်ပြေးတည်း ကပ်နေတဲ့ ကိုယ်ထည်၊ ကျယ်ပြန့်တဲ့ ဒီဇိုင်းနဲ့ လေခွင်းအား အကောင်းဆုံး ဖြစ်အောင် ဖန်တီးထားတဲ့အပြင် နောက်ဘက်မှာလည်း ကာဗွန်ဖိုက်ဘာ စပွိုင်လာ (spoiler) အကြီးကြီး တပ်ဆင်ထားတာကို အထင်အရှား မြင်တွေ့ရပါတယ်။ ဘီးဖုံးတွေမှာလည်း Xiaomi ဆိုတဲ့ လိုဂိုကို ဂုဏ်ယူဝင့်ကြွားစွာ တပ်ဆင်ထားပါသေးတယ်။

ဒီကားဟာ နာမည်ကြီး Gran Turismo 7 ဂိမ်းဖန်တီးတဲ့ Polyphony Digital နဲ့ ပူးပေါင်းထုတ်လုပ်မယ့် Vision Gran Turismo (Vision GT) ကားဖြစ်နိုင်တယ်လို့ လူတွေက ခန့်မှန်းနေကြပါတယ်။ Vision GT အစီအစဉ်ဆိုတာ ကားကုမ္ပဏီတွေ အနေနဲ့ လမ်းကြောစည်းမျဉ်းတွေ၊ ထုတ်လုပ်မှု ကန့်သတ်ချက်တွေဆိုတဲ့ ဘောင်တွေထဲကနေ ဖောက်ထွက်ပြီး သူတို့ရဲ့ အမိုက်စား အိုင်ဒီယာတွေ၊ အထူးသဖြင့် စွမ်းဆောင်ရည်နဲ့ လျှပ်စစ်ကား နည်းပညာတွေကို လွတ်လွတ်လပ်လပ် စိတ်ကူးယဉ် ချပြခွင့်ရတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

Xiaomi အနေနဲ့ ဒီပရောဂျက်မှာ ပါဝင်လာတဲ့အတွက် ကမ္ဘာတစ်ဝန်းက ဂိမ်းကစားသူ သန်းပေါင်းတွေနဲ့ ပြိုင်ကားဝါသနာရှင်တွေဆီကို သူတို့ရဲ့ အဆင့်မြင့် လျှပ်စစ်ကားတွေကို အလွယ်တကူ ထိုးဖောက် မိတ်ဆက်နိုင်တော့မှာပါ။ အရင်ကလည်း Xiaomi ရဲ့ SU7 Ultra ကားကို အဲဒီဂိမ်းထဲမှာ ထည့်သွင်းမယ်လို့ တရားဝင် ကြေညာထားပြီး ဖြစ်ပါတယ်။ ကုမ္ပဏီတည်ထောင်သူ လီကျန် (Lei Jun) ကလည်း သူတို့ရဲ့ မော်တော်ယာဉ် မဟာဗျူဟာမှာ နည်းပညာ၊ ဒီဇိုင်းနဲ့ ဂိမ်းယဉ်ကျေးမှုတို့ကို ပေါင်းစပ်ဖို့ အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့ဖူးပါတယ်။

အခု ဘာစီလိုနာမှာ တွေ့လိုက်ရတဲ့ ကားနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို သေချာ မသိရသေးပေမယ့် လမ်းပေါ် စမ်းသပ်မောင်းနှင်မှုတွေ၊ အရိပ်အမြွက် ပိုစတာတွေနဲ့ ဂိမ်းပူးပေါင်းမှုတွေအရ Xiaomi ဟာ ကြီးမားတဲ့ အရာတစ်ခုကို ဖန်တီးနေတယ်ဆိုတာ သေချာသလောက် ရှိနေပါပြီ။ ဒီအမိုက်စား စူပါကားအသစ်ကိုတော့ မတ်လ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပမယ့် MWC 2026 ပွဲကြီးမှာ တရားဝင် ခြိမ့်ခြိမ့်သဲ မိတ်ဆက်ပြသသွားမှာ ဖြစ်ပါတယ်။

ref : gizmochina