အနာဂတ်ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍကို အကြီးအကျယ် ပြောင်းလဲပစ်မယ့် ခြေလှမ်းတစ်ရပ်အနေနဲ့ XPeng ဟာ သီးသန့် Robotaxi ဌာနခွဲအသစ်တစ်ခုကို တရားဝင် ဖွဲ့စည်းလိုက်ပါပြီ။ ၂၀၂၅ ခုနှစ် ဝင်ငွေကြေညာတဲ့ ပွဲမှာတော့ ကုမ္ပဏီဥက္ကဋ္ဌ He Xiaopeng က ဒီနှစ် ဒုတိယနှစ်ဝက်မှာတင် ခရီးသည်တင် Robotaxi တွေကို စတင်စမ်းသပ် ပြေးဆွဲသွားမယ်လို့ စိတ်လှုပ်ရှားဖွယ်ရာ ပြောကြားခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ စက်ရုံတွင်း ရုပ်သံမှတ်တမ်းတွေအရ ဒုတိယမျိုးဆက် VLA နည်းပညာသုံး Robotaxi တွေဟာ အတော်လေးကို အသက်ဝင်နေပြီဖြစ်တာကို မြင်တွေ့ခဲ့ရပါတယ်။ အခုဆိုရင် အဲဒီကားတွေဟာ အများပြည်သူသုံး လမ်းမတွေပေါ်မှာ Level 4 ကိုယ်တိုင်မောင်းနှင်မှုစနစ်နဲ့ ပုံမှန် စမ်းသပ်မောင်းနှင်နေပြီ ဖြစ်ပါတယ်။ ခရီးသည်တွေကို ယာဉ်မောင်းမပါဘဲ အလိုအလျောက် အကြိုအပို့ လုပ်ပေးနိုင်တဲ့အထိ အောင်မြင်နေပြီလို့လည်း ဒုတိယဥက္ကဋ္ဌက အတည်ပြုထားပါတယ်။

၂၀၂၅ ခုနှစ် Tech Day ပွဲမှာတော့ Robotaxi ဈေးကွက်ကို ဝင်ရောက်မယ့်အကြောင်း XPeng က တရားဝင် ကြေညာခဲ့ပြီး ၂၀၂၆ ခုနှစ်မှာတင် မော်ဒယ် ၃ မျိုးကို အသစ်မိတ်ဆက်သွားဖို့ စီစဉ်ထားပါတယ်။ ဒါဟာ အလိုအလျောက် မောင်းနှင်တဲ့ ကားလောကအတွက်တော့ အလွန်ကို စိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာမှာပါ။
အဲဒီ Robotaxi တွေမှာ ဘေးကင်းလုံခြုံရေးအတွက် အထူးဒီဇိုင်းထုတ်ထားပြီး ကမ္ဘာ့အမြန်ဆုံးလို့ ဆိုနိုင်တဲ့ 3,000 TOPS စွမ်းဆောင်ရည်ရှိ Turing AI ချစ်ပ် ၄ ခုကို တပ်ဆင်ထားပါတယ်။ အမိုက်စား နောက်ထပ်အချက်တစ်ခုကတော့ ကားရှေ့လေကာမှန်မှာ ပြင်ပကလူတွေ မြင်နိုင်မယ့် မျက်နှာပြင် ပါဝင်လာတာပါပဲ။ ဒါကြောင့် လမ်းသွားလမ်းလာတွေအနေနဲ့ ကားကွေ့တော့မလား၊ ပါကင်ထိုးဖို့ ရှာနေသလား ဆိုတာကို အလွယ်တကူ သိမြင်နိုင်တော့မှာ ဖြစ်ပါတယ်။
Ref : pandaily