Google ကနေ ပိုင်ဆိုင်တဲ့ YouTube Video Streaming Service ဟာ လက်ရှိအချိန်မှာ အကြီးမားဆုံး Video Streaming Service လို့ပြောရင် မမှားပါဘူး။ YouTube ကို လူတိုင်းအခမဲ့အသုံးပြုနိုင်တယ်ဆိုပေမယ့် ကြော်ငြာတွေမကြည့်ချင်တဲ့သူတွေနဲ့ တခြားသော Service တွေအတွက် YouTube Premium Subscription Plan ကို ဝယ်ယူအသုံးပြုဖို့ လိုအပ်ပါတယ်။

အဆိုပါ YouTube Premium Plan ဟာ တစ်လကို $11.99 သို့မဟုတ် €11.99 ကျသင့်ပြီးတော့ ပုံမှန်အားဖြင့် YouTube Music ကိုပါ တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Background Playback ၊ Offline Download လိုမျိုး Feature တွေကိုပါ အသုံးပြုနိုင်မှာပါ။

အခုအချိန်မှာတော့ Google ကနေ YouTube Premium ရဲ့ လက်ရှိစျေးနှုန်းကို မတတ်နိုင်တဲ့သူတွေအတွက် ပိုပြီးစျေးသက်သာတဲ့ YouTube Premium Lite Subscription Plan အသစ်ကို ဥရောပနိုင်ငံအချို့မှာ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Belgium ၊ Denmark ၊ Finland ၊ Luxembourg ၊ Netherlands ၊ Norway နဲ့ Sweden နိုင်ငံတွေမှာ စမ်းသပ်နေတယ်လို့ သိရပြီး နောက်ပိုင်းမှာ တခြားသော နိုင်ငံတွေမှာပါ အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။

YouTube Premium Lite Plan အသစ်ဟာ တစ်လကို €6.99 ပဲ ကျသင့်မှာဖြစ်ပြီး ပုံမှန် YouTube Premium နဲ့ယှဥ်ရင် ထက်ဝက်နီးပါးပိုသက်သာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စျေးသက်သာတဲ့နည်းတူ Feature ပိုင်းမှာလည်း အတော်များများပါဝင်မှာမဟုတ်ပါဘူး။

အဲ့ဒီအတွက် YouTube ကို ကြော်ငြာမပါဘဲ ကြည့်ရှုနိုင်မှာဖြစ်ပေမယ့် YouTube Music ကို အသုံးပြုနိုင်မှာမဟုတ်သလို Background Playback နဲ့ Offline Video Download ပြုလုပ်မှုတွေကိုလည်း ရရှိမှာမဟုတ်ပါဘူး။ ဒါက ပုံမှန် YouTube ပဲကြည့်ရှုသူတွေအတွက်တော့ အဆင်ပြေတယ်ဆိုပေမယ့် Music Video တွေကို YouTube Music သို့မဟုတ် Background Playback နဲ့ ကြည့်ရှုချင်တဲ့သူတွေအတွက်ကတော့ ပုံမှန် YouTube Premium ကိုပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။

Ref – The Verge